တိဗက်၊ ရှင်ကျန်းနှင့် ဟောင်ကောင်တို့ကို ထောက်ခံကြောင်း ထိုင်ဝမ်တွင် ချီတက်ဆန္ဒပြ

By Taipei Times
10 March 2023
တိဗက်၊ ရှင်ကျန်းနှင့် ဟောင်ကောင်တို့ကို ထောက်ခံကြောင်း ထိုင်ဝမ်တွင် ချီတက်ဆန္ဒပြ

တရုတ်ကို ဆန့်ကျင်သည့် ၁၉၅၉ ခုနှစ်တိဗက်လူထုအုံကြွမှု အထိမ်းအမှတ်အဖြစ် တိုင်ပေမြို့တွင် မတ်လ ၅ ရက်က ချီတက်ဆန္ဒပြခဲ့ကြပြီး တိဗက်လူမျိုးများနှင့် တရုတ်၏ဖိနှိပ်မှုကို ဆန့်ကျင်သော အခြားသူများနှင့် တစ်သားတည်းရပ်တည်ကြောင်း ပြသလိုက်ကြသည်။

တိုင်ပေမြို့တွင် ၂၀၀၄ ခုနှစ်မှ စတင်ကာ နှစ်စဉ် မတ်လရောက်တိုင်း ကျင်းပသည့် လူထုစုရုံးဆန္ဒပြပွဲသည် ၁၉၅၉ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့တွင်ပေါ်ပေါက်ခဲ့သော တရုတ်ကွန်မြူနစ်အစိုးရကို ဆန့်ကျင်သည့် တိဗက်လူထုအုံကြွမှုအတွင်း ကျဆုံးသွားသူများကို အောက်မေ့တသသည့်အနေဖြင့် ပြုလုပ်ခြင်းဖြစ်သည်။ ယင်း ချီတက်ဆန္ဒပြပွဲတွင် ရှင်ကျန်းနှင့် ဟောင်ကောင်ရှိ ပြည်သူများကို ထောက်ခံသူများလည်း ပါဝင်လာသဖြင့် ဆန္ဒပြသူအရေအတွက်များပြားခဲ့ကြောင်း ပွဲစီစဉ်သူများက ဆိုသည်။

တရုတ်စစ်တပ်က တိဗက်ကို ၁၉၅၀ ခုနှစ်တွင် ကျူးကျော်ဝင်ရောက်ခဲ့ပြီးနောက် ၁ နှစ်အကြာတွင် တိဗက်လူမျိုးများအား အချက် ၁၇ ချက်ပါစာချုပ်ကို သဘောတူရန် ဖိအားပေးခဲ့ကြောင်း ချီတက်ပွဲတွင် အဝေးရောက်တိဗက်အစိုးရ၏ ထိုင်ဝမ်ဆိုင်ရာ ကိုယ်စားလှယ် ကယ်လ်ဆန်ဂျာအယ်ဆန်က ပြောကြားခဲ့သည်။

သို့သော် မကြာမီတွင် တရုတ်က ဘာသာရေးနှင့် ဓလေ့ထုံးတမ်းများကို လေးစားရမည်ဆိုသည့် သဘောတူညီချက်ပါ ပြဋ္ဌာန်းချက်များကို ချိုးဖောက်ကာ တိဗက်၏ ယဉ်ကျေးမှုနှင့် အုပ်ချုပ်ရေးကို အခြေခံကျကျ ပြောင်းလဲစေရန် ရည်ရွယ်သည့် မူဝါဒများကို ချမှတ်ခဲ့ကြောင်းနှင့် အဆိုပါ ပြောင်းလဲမှုများကြောင့် ၁၉၅၉ ခုနှစ်၊ မတ်လတွင် တိဗက်လူမျိုးများက တရုတ်အစိုးရကို ဆန့်ကျင်သည့် အုံကြွမှု ဖြစ်ပေါ်ခဲ့သည်ဟု ကယ်လ်ဆန်းဂယ်အယ်ဆန်က ဆိုသည်။

ဆန္ဒပြသူများကို တရုတ်အစိုးရက အကြမ်းဖက်နှိမ်နင်းခဲ့သည့်အတွက် ၁၄ ဆက်မြောက် ဒလိုင်းလားမားဖြစ်သူ တန်ဆင်းဂါဆိုသည် အိန္ဒိယနိုင်ငံသို့ ထွက်ပြေးခဲ့ရပြီး နောက်ပိုင်းတွင် အဝေးရောက် တိဗက်အစိုးရကို ဖွဲ့စည်းခဲ့သည်။ လွန်ခဲ့သည့် ဆယ်စုနှစ် ၇ ခုအတွင်း တိဗက်လူမျိုး ၂၀၀ ၀၀၀ ခန့် အသတ်ခံခဲ့ရပြီး သောင်းနှင့်ချီသော ပြည်သူများ နေအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ရကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံက သိမ်းပိုက်ထားခြင်းကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် တိဗက်တွင် ၂၀၀၉ ခုနှစ်နောက်ပိုင်း တိဗက်လူမျိုး ၁၅၉ ဦးထက်မနည်းသည် မိမိကိုယ်ကို မီးရှို့သတ်သေကာ ဆန္ဒဖော်ထုတ်ခဲ့ကြသော်လည်း တရုတ်က တိဗက်လူမျိုးများကို ဆက်လက်ဖိနှိပ်နေဆဲဖြစ်ကြောင်း ကယ်လ်ဆန်းက ပြောကြားခဲ့သည်။

ပြည်ပရောက် တိဗက်များ နေရပ်ပြန်ခွင့်ရမည့် စစ်မှန်သော ဒီမိုကရေစီနှင့် လွတ်လပ်မှုကို တစ်နေ့နေ့တွင် တရုတ်ပြည်၌ မြင်တွေ့ရရေးအတွက် တရုတ်၏ဖိနှိပ်မှုကို ရင်ဆိုင်နေရသော တိဗက်၊ ထိုင်ဝမ်နှင့် တရုတ်လူမျိုးတို့အား စည်းလုံးညီညွတ်ကြရန် ကယ်လ်ဆန်က တိုက်တွန်းခဲ့သည်။

နိုင်ငံတော်အာဏာကို ထိပါးနှောင့်ယှက်မှုဖြင့် ထောင်ဒဏ် ၅ နှစ်ကျခံပြီးနောက် တရုတ်နိုင်ငံမှ ထိုင်ဝမ်သို့ မနှစ်က ပြန်လည်ရောက်ရှိလာခဲ့သည့် ထိုင်ဝမ် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ လီမင်ချီလည်း ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သည်။
တိဗက်လူမျိုးများကို ထောက်ခံအားပေးရန် ချီတက်ရာတွင် ပါဝင်ရန် ဆုံးဖြတ်ခြင်းသည် သဘာဝကျကြောင်းနှင့် ထိုင်ဝမ်အား အာဏာရှင်နိုင်ငံအဖြစ်မှ ဒီမိုကရေစီနိုင်ငံသို့ အသွင်ကူးပြောင်းရာတွင် ပြည်ပနိုင်ငံသားများနှင့် နိုင်ငံအများအပြားက ထောက်ခံကြကြောင်း လီက ပြောကြားခဲ့သည်။

“တိဗက်လူမျိုးများ ဘေးကင်းလုံခြုံစွာ အိမ်ပြန်ခွင့်ရရေး အိပ်မက်ကို အကောင်အထည်ဖော်ရာတွင် ၎င်းတို့ချည်းမဟုတ်ကြောင်း အသိပေးရန် ပြည်ပရောက် ထိုင်ဝမ်နိုင်ငံသားများက တိဗက်လူမျိုးများနှင့် ပူးပေါင်းသင့်သည်” ဟု လီက တိုက်တွန်းခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required