အလွတ်တန်း သတင်းထောက်များ တိဗက်သို့ ဝင်ရောက်ခွင့် မရသေး

By TibetanReview.net
09 March 2023
အလွတ်တန်း သတင်းထောက်များ တိဗက်သို့ ဝင်ရောက်ခွင့် မရသေး

တရုတ်သည် တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (TAR) သို့ လာရောက်မည့် အလွတ်တန်း သတင်းထောက်များအတွက် အထူးခွင့်ပြုချက် သတ်မှတ်ပြဋ္ဌာန်းထားပြီး ၂၀၂၂ ခုနှစ်က လျှောက်ထားခဲ့သူမှန်သမျှကိုလည်း ငြင်းပယ်ခဲ့သည်။

တရုတ်ရှိ ပြည်ပသတင်းထောက်များအဖွဲ့ (FCCC) ၏ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအတွင်း ကောက်ယူခဲ့သော စစ်တမ်းကို ဖြေဆိုခဲ့သည့် ပြည်ပသတင်းထောက် ၃ ဦးက မိမိတို့သည် တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (TAR) သို့ သွားရောက်ရန် လျှောက်ထားခဲ့သော်လည်း အားလုံး ငြင်းပယ်ခံခဲ့ရကြောင်း ပြောကြားခဲ့သည်ဟု အဆိုပါ အဖွဲ့၏ နှစ်ပတ်လည် အစီရင်ခံစာကို ကိုးကား၍ ဝါရှင်တန်အခြေစိုက် အပြည်ပြည်ဆိုင်ရာ တိဗက်အရေးလှုပ်ရှားမှုအဖွဲ့(ICT) က မတ် ၂ ရက်တွင် ပြောကြားခဲ့သည်။ 

‘ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒနှင့် ထိန်းချုပ်ကန့်သတ်မှုများ -  ၂၀၂၂ ခုနှစ်အတွက် တရုတ်နိုင်ငံကို လွှမ်းခြုံသုံးသပ်ကြည့်ခြင်း’ ဟု ခေါင်းစဉ်တပ်ထားသည့် တရုတ်ရှိ ပြည်ပသတင်းထောက်များအဖွဲ့ (FCCC) ၏ နှစ်ပတ်လည်အစီရင်ခံစာသည် နိုင်ငံနှင့် ဒေသပေါင်း ၃၀ မှ သတင်းအဖွဲ့အစည်းများကို ကိုယ်စားပြုသည့် အဖွဲ့ဝင် ၁၆၆ ဦးအနက်မှ ၁၀၂ ဦးကို မေးမြန်းကာ စစ်တမ်းကောက်ထားခြင်းဖြစ်သည်။

တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (TAR) သည် ပြည်ပမီဒီယာများအပါအဝင် နိုင်ငံခြားသားများအနေဖြင့် ဝင်ရောက်ခွင့်ရရေး အထူးခွင့်ပြုချက်လိုအပ်သည့် တရုတ်ရှိ တစ်ခုတည်းသော ဒေသဖြစ်သည်ဟု အပြည်ပြည်ဆိုင်ရာ တိဗက်အရေးလှုပ်ရှားမှုအဖွဲ့(ICT) က ပြောကြားခဲ့သည်။

တိဗကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (TAR) တွင် နိုင်ငံခြားသား သတင်းထောက်များ လာရောက်ခွင့်ကို တရားဝင် ကန့်သတ်ထားဆဲဖြစ်သည်။ သတင်းထောက်များအနေဖြင့် အစိုးရထံတွင် အထူးခွင့်ပြုချက် လျှောက်ထားခြင်း သို့မဟုတ် တရုတ်နိုင်ငံတော်ကောင်စီက စီစဉ်သည့် သတင်းမီဒီယာ ခရီးစဉ်နှင့်အတူ လိုက်ပါခြင်းများ ပြုလုပ်နိုင်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ 
တရုတ်က တိဗက်ကို ၁၉၅၁ ခုနှစ်တွင် သိမ်းပိုက်ပြီးနောက် တိဗက်နယ်မြေစစ်စစ်ထက်ဝက်ခန့်ပါဝင်သည့် ဒေသကို တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (TAR) အဖြစ် ၁၉၆၅ ခုနှစ်တွင် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။  

“ပြည်ပသတင်းထောက် အနည်းငယ်လောက်ကပဲ တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဆီ ဝင်ခွင့်ရဖို့ လျှောက်တဲ့အချက်ကို ကြည့်ခြင်းအားဖြင့် သူတို့ဟာ တရုတ်အာဏာပိုင်တွေရဲ့ ငြင်းပယ်မှုခံရမှာကို သိနေတယ်ဆိုတဲ့သဘောပါ။ ဒါပေမယ့် တရုတ်ရဲ့ အုပ်ချုပ်မှုအောက်မှာ ထိခိုက်ခံစားနေရတဲ့ တိဗက်လူမျိုးတွေရဲ့ အခြေအနေကို ထုတ်ဖော်ပြောဆိုရပါမယ်” ဟု အပြည်ပြည်ဆိုင်ရာ တိဗက်အရေးလှုပ်ရှားမှုအဖွဲ့ (ICT) က ပြောသည်။

ဒလိုင်းလားမား၏ သံတမန်များနှင့် ငြိမ်းချမ်းစွာ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခြင်းဖြင့် တိဗက်ဒေသဆိုင်ရာ ပဋိပက္ခများကို ဖြေရှင်းနိုင်ရန် တိဗက်၏ အမှန်တရား နှင့် တရုတ်တို့အကြောင်း တင်ပြနိုင်ရေး ဆက်ကြိုးပမ်းကြရန် နိုင်ငံခြားသတင်းထောက်များကို တိဗက်အရေးလှုပ်ရှားမှုအဖွဲ့က တောင်းဆိုထားသည်။

တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(TAR) ပြင်ပရှိ တိဗက်ဒေသများသို့ နိုင်ငံခြားသားများ သွားရောက်ခြင်းကို မူအရ ခွင့်ပြုပေးထားသော်လည်း လက်တွေ့တွင် ကန့်သတ်ထားသည်ဟု FCCC ၏ အစီရင်ခံစာ၌ ဖော်ပြထားသည်။ 

တရုတ်နိုင်ငံသည် ပြည်ပသတင်းထောက်များကိုသာမက သံတမန်များနှင့် ခရီးသွားများကိုပါ တိဗက်သို့ သွားရောက်ခွင့်ကို ပုံမှန်အားဖြင့် ငြင်းပယ်လေ့ရှိပြီး နိုင်ငံခြားသားခရီးသွားများသည် ကြီးကြပ်ရေးအဖွဲ့များဖြင့်သာ သွားလာနိုင်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly