ဖိလစ်ပိုင် အနီးတစ်ဝိုက်တွင် တရုတ်ရေယာဉ် အစီး ၄၀ ကျော်ကို တွေ့ရှိ 

By RFA 
09 March 2023
ဖိလစ်ပိုင် အနီးတစ်ဝိုက်တွင် တရုတ်ရေယာဉ် အစီး ၄၀ ကျော်ကို တွေ့ရှိ 

တောင်တရုတ်ပင်လယ်အတွင်း၌ ဖိလစ်ပိုင်နိုင်ငံက ပိုင်ဆိုင်သော ပက်ခ်-အေဆာ ကျွန်းအနီးတွင် တရုတ်ရေယာဉ် အစီး ၄၀ ကျော်ကို မတ်လ ၄ ရက်က တွေ့ရှိခဲ့ကြောင်း ဖိလစ်ပိုင်ကမ်းခြေစောင့်တပ် (PCG) က ထုတ်ပြန်ထားသည်။ 

တရုတ်စစ်တပ် (PLA) မှ ရေတပ်သင်္ဘော၊ တရုတ်ကမ်းခြေစောင့်တပ် (CCG)မှ စစ်ရေယာဉ်နှင့် သံသယဖြစ်ဖွယ် ပင်လယ်ရေကြောင်း ပြည်သူ့စစ်ရေယာဉ် ၄၂ စီး တို့သည် ကမ်းခြေမှ ရေမိုင် ၄ ဒသမ ၅ မိုင် မှ ၈ မိုင်အတွင်း ကျောက်ချရပ်နားထားကြောင်း သီတုကျွန်းပေါ်တွင် တပ်စွဲထားသည့် ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့ဝင်များက သတင်းထုတ်ပြန်ခဲ့သည်။

ကုန်းမြေမှ ရေမိုင် ၁၂ မိုင် ပိုင်နက်ပင်လယ်အတွင်း၌ ကျောက်ချထားသည်မှာ ထင်ရှားကြောင်း ဖိလစ်ပိုင်ကမ်းခြေစောင့်တပ် (PCG) က ပြောကြားခဲ့သည်။
တရုတ်စစ်တပ်မှ ရေယာဉ်နှင့် တရုတ်ကမ်းခြေစောင့်တပ်သင်္ဘော (CCG 5203) တို့သည် ပက်ခ်-အေဆာကျွန်းအနီး ရေပြင်တွင် ဖြည်းညင်းစွာ ခုတ်မောင်းနေခဲ့ပြီး သံသယဖြစ်ဖွယ် ပင်လယ်ရေကြောင်းပြည်သူ့စစ်ရေယာဉ်များသည် ပင်မကျွန်း၏အနောက်ဘက်ရှိ ပက်ခ်-အေဆာကျွန်းငယ်-၃ နှင့် ကျွန်းငယ်-၄ တို့အနီးတွင် ကျောက်ချရပ်နားထားကြောင်း ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်(PCG)၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖိလစ်ပိုင်အနောက်ပိုင်း ပါလာဝန်ပြည်နယ်ရှိ ပွာတိုပရင်စက်ဆာမြို့မှ မိုင် ၃၀၀ (၄၈၃ ကီလိုမီတာ) ခန့်အကွာရှိ ပက်ခ်-အေဆာကျွန်းသည် အငြင်းပွားဖွယ် စပရက်တလေကျွန်းများရှိ ဖိလစ်ပိုင်ကသိမ်းပိုက်ထားသော ကာလာယာအန်ကျွန်းစု(KIG) တွင် အကြီးဆုံးကျွန်းဖြစ်သည်။ 

အဆိုပါကျွန်းသည် ဖိလစ်ပိုင် အစိုးရ၏ အာဏာသက်ရောက်ရာ ဒေသတစ်ခုဖြစ်ပြီး ကလေးသူငယ် ၇၀ အပါအဝင် အရပ်သား ၄၀၀ ကျော် နေထိုင်လျက်ရှိသည်။

အဆိုပါရေပိုင်နက်တွင် မကြာသေးမီနှစ်များအတွင်း တရုတ်သင်္ဘောများ မကြာခဏ ခုတ်မောင်းလေ့ရှိပြီး  ငါးဖမ်းလှေများဟု ယူဆရသည့် တရုတ်သင်္ဘော အစီး ၁၀၀ ကျော်ကို ၂၀၂၀ ခုနှစ်တွင် တွေ့ခဲ့ရသည်။ 

ဖိလစ်ပိုင်ရေတပ် တပ်ဖွဲ့ဝင်များလိုက်ပါလာသည့် အရပ်ဘက်လှေတစ်စင်းသည် ၂၀၂၂ ခုနှစ်က သံသယဖြစ်ဖွယ် တရုတ်ဒုံးပျံအပျက်အစီးများကို ဆယ်ယူရန် ပက်ခ်-အေဆာကျွန်းအနီးရှိ သဲသောင်ခုံတစ်ခုအနီးမှ ခုတ်မောင်းခဲ့သည်။ တရုတ်ကမ်းခြေစောင့်သင်္ဘောတစ်စီးက ဖိလစ်ပိုင်သင်္ဘော၏ လမ်းကြောင်းကို ပိတ်ဆို့ခဲ့ပြီး ၎င်းတို့၏ ရော်ဘာလှေဖြင့် အပျက်အစီးများကို ဆယ်ယူခဲ့သည်။

တရုတ်သည် အဓိကကျွန်းစု ၂ ခုဖြစ်သည့် ပါရာဆဲလ်နှင့် စပရက်တလေကျွန်းများ အပါအဝင် တောင်တရုတ်ပင်လယ်ရှိ ရေပိုင်နက် နေရာအတော်များများကို ပိုင်ဆိုင်ကြောင်း တောင်းဆိုထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly