မန္တလေးမြို့မှ ဇလုံကြီးဟင်းအနှစ်ထုပ်လုပ်ငန်းပိုင်ရှင်ကို စစ်ကောင်စီ ဖမ်းဆီး 

By 005 (မဇ္ဈိမ)
09 March 2023
မန္တလေးမြို့မှ ဇလုံကြီးဟင်းအနှစ်ထုပ်လုပ်ငန်းပိုင်ရှင်ကို စစ်ကောင်စီ ဖမ်းဆီး 

မန္တလေးမြို့မှ ဇလုံကြီးဟင်းအနှစ်ထုပ် ထုတ်လုပ်သူလုပ်ငန်းပိုင်ရှင်ကို  ယနေ့ မတ်လ ၉ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးသွားကြောင်း မြို့ခံများထံမှ သိရသည်။ 

စစ်အာဏာရှင်တော်လှန်ရေးတွင် နာမည်ကြီးသော ပန်ဆယ်လို၏ အမေရိကရှိဆိုင်တွင် တင်ရောင်းနေသည့် ဇလုံကြီးဟင်းအနှစ်ထုပ်များသည် PDF များအတွက် အလွန်အဆင်ပြေ၍ လိုအပ်သည့်စစ်ဆေးအရေးယူမှုများ ပြုလုပ်ရန်ဟုဆိုကာ ယနေ့ မတ်လ ၉ ရက်နေ့ နံနက်ပိုင်းတွင် စစ်‌တပ်လော်ဘီဟန်ငြိမ်းဦး တယ်လီဂရမ်ချန်နယ်မှ ဖြန့်ဝေခဲ့ပြီးနောက် မိနစ်အနည်းငယ်အကြာတွင် စစ်ကောင်စီက ဝင်ရောက်ဖမ်းဆီး သွားခြင်းဖြစ်ကြောင်း သိရသည်။ 

ဇလုံကြီးဟင်းအနှစ်များကို မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်၊ ၆၆လမ်း၊ ၃၁ လမ်းနှင့် ၃၂ လမ်းကြားရှိ ရွှေဂဏန်းစားသောက်ဆိုင်မှ ထုတ်လုပ်ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်က ယင်းဆိုင်ကို ဝင်ရောက်မွှေနှောက်ပြီး ဖမ်းဆီးသွားခြင်းဟုဆိုသည်။ 

"ပင်ရင်းဆိုင်ကိုဝင်ဖမ်းတာ။ဆိုင်ရှင်ဖမ်းသွားတယ်။ ချက်ချင်းဆိုင်ခွဲတွေလည်း လိုက်ဖမ်းတယ်။ PDFရယ်၊ ဘာရယ် ကျွန်တော်တို့က ဘယ်လိုလုပ်သိမှာလဲ။ လူတိုင်းကို ရောင်းပေးနေတာလေ။ ဒီလိုဖမ်းတာကတော့ ဥပဒေမဲ့လုပ်ချင်သလိုကို လုပ်နေတော့တာပဲ။ တခြားလုပ်ငန်းရှင်တွေလည်း မျက်ခုံး လှုပ်နေရတယ် "ဟု မန္တလေးမြို့ခံ လုပ်ငန်းရှင်တဦးက မဇ္ဈိမကို ပြောသည်။ 

ဇလုံကြီးဟင်းအနှစ်ထုပ်ပိုင်ရှင်ကို လက်ရှိတွင် မန္တလေးတိုင်းရဲတပ်ဖွဲ့ရုံးတွင် ဖမ်းဆီးထားကြောင်း ကနဦးသတင်း ရရှိထားပြီး အသေးစိတ်ကို မသိရသေးပေ။ဇလုံကြီးဟင်းအနှစ်ထုပ်လုပ်ငန်းကို  မန္တလေးမြို့မှဇလုံကြီးထမင်းဆိုင်နှင့် အတူတူဟုထင်မှတ်ကာ လူမှုကွန်ယက်ပေါ်တွင် သုံးသပ်ဝေဖန်မှုများရှိခဲ့သည်။

" ငါ့ကို တိုက်ခိုက်ချင်တာနဲ့ စစ်‌ခ-ွး ထမင်းခေါ်ကျွေးတဲ့ ဇလုံကြီးထမင်းဆိုင်နဲ့ ဇလုံကြီးအနှစ်ထုတ်ကို မသဲကွဲဘဲ Boycott ပစ္စည်းရောင်းပါတယ်ဆိုပြီး အကြီးအကျယ်ဖွတယ်။ ပိုင်ရှင်တွေက စီးပွါးရေးထိခိုက်မှာစိုးလို့ Boycott ပစ္စည်းမဟုတ်ကြောင်း ထရှင်းရတယ်။ အချို့ကလည်း PDFတွေဆီ ဇလုံကြီးအနှစ်ထုတ်ဝယ်ပို့ကျွေးနေတာဆိုပြီး ပိုင်ရှင်ဘက်က ဝင်ရှင်းကြရတယ်။

အခု စစ်ခွေးတွေက ပလိန်းကြီး ဝင်ဖမ်းသွားပြီ။ အာချောင်တဲ့ကောင်တွေ ဘယ်ရောက်သွားလဲ။ Boycott ပစ္စည်းမဟုတ်ကြောင်း သိသွားလည်း မတောင်းပန်၊ အခု မိသားစုတစ်စု ဘဝပျက်မလို ဖြစ်သွားရပြီ။ နင်တို့ရဲ့ တာဝန်ယူ တာဝန်ခံမှုက ဘယ်မှာလဲ" ဟု ပန်ဆယ်လိုက လူမှုကွန်ယက်စာမျက်နှာတွင် ယနေ့ ရေးတင်ထားသည်ကို တွေ့ရသည်။

စစ်ကောင်စီသည် စစ်တပ်လော်ဘီ လူမှုကွန်ယက်စာမျက်နှာများမှ သတင်းများကို အတည်ယူကာ လုပ်ငန်းရှင်များကို ဖမ်းဆီးလေ့ရှိသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် အောက်တိုဘာလကလည်း မန္တလေးမြို့က မြန်မာသူရကျောက်မျက်ကုမ္ပဏီပိုင်ရှင် ဦးကျော်သူရကို စစ်ကောင်စီက ဖမ်းဆီးပြီး ၎င်း၏ ပိုင်ဆိုင်မှု ကျပ်သိန်းပေါင်း ၁၂၀, ၀၀၀ ခန့်ကို ချိတ်ပိတ်သိမ်းဆည်းခဲ့သည်။ 

စာတည်း။  ။ နောင်နောင်
စာမူတည်းဖြတ် ။   ။ မောင်ကြီး 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly