တရုတ်က အမေရိကန်၏ ရပ်တည်မှုအတွက် ခြိမ်းခြောက်မှုဖြစ်ကြောင်း လွှတ်တော်အမတ်များ ပြောကြား

By Business-standard
09 March 2023
တရုတ်က အမေရိကန်၏ ရပ်တည်မှုအတွက် ခြိမ်းခြောက်မှုဖြစ်ကြောင်း လွှတ်တော်အမတ်များ ပြောကြား

ရီပတ်ဘလင်ကန်အမတ်အများစုပါဝင်သည့် အောက်လွှတ်တော်၏ တရုတ်နှင့် ပတ်သက်သော ပထမဆုံးကြားနာမှုအတွင်း၌ အမေရိကန်ထိပ်တန်းလွှတ်တော်အမတ်များက တရုတ်သည် အမေရိကန်၏ ရပ်တည်မှုအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်ကြောင်း သတိပေးပြောဆိုလိုက်သည်။

ကွန်မြူနစ်ပါတီဦးဆောင်သည့် တရုတ်၏ စိန်ခေါ်မှုကို အောင်မြင်စွာ ကိုင်တွယ်ရေးအတွက် အစွမ်းကုန် ကြိုးပမ်းရန်နှင့် မဟာမိတ်များနှင့် ညှိနှိုင်းဆောင်ရွက်ရန်လည်း ၎င်းတို့က တောင်းဆိုခဲ့သည်။
အမေရိကန်သည် တရုတ်၏ အပြုအမူအား ရန်လိုသည့်ပုံစံအဖြစ် အမြဲလိုလို ဖော်ပြခဲ့သည်။

အမေရိကန်လွှတ်တော်အမတ်များက အသစ်ဖွဲ့စည်းလိုက်သော ကော်မတီ၏အမည်မှာ တရုတ်ကွန်မြူနစ်ပါတီ (CCP) ဆိုင်ရာ အောက်လွှတ်တော်အထူးကော်မတီဖြစ်သည်။

“ဒီရန်လိုမှုတွေက ၂၁ ရာစုမှာ ရှင်သန်ရပ်တည်ရေးအတွက် တိုက်ပွဲတစ်ခုဖြစ်ပြီး အခြေခံအကျဆုံး လွတ်လပ်ခွင့်တွေကို စိန်ခေါ်နေပါတယ်" ဟု တရုတ်ကွန်မြူနစ်ပါတီဆိုင်ရာ အောက်လွှတ်တော်အထူးကော်မတီ (CCP) ဥက္ကဋ္ဌ မိုက်ဂယ်လာဂါးက အဖွင့်အမှာစကားတွင် ကွန်ဂရက်လွှတ်တော်အမတ်များအား မတ်လ ၇ ရက်က ပြောကြားခဲ့သည်။ 

“အရေးတကြီး ဆောင်ရွက်ဖို့လိုတယ်။ လာမယ့် ဆယ်နှစ်အတွင်း ချမှတ်မယ့် ကျွန်တော်တို့ရဲ့ မူဝါဒက နောက်ထပ် အနှစ်တစ်ရာအထိ သက်ရောက်သွားမှာပါ” ဟု ကမ်းတက်တပ်ဖွဲ့နှင့် ထောက်လှမ်းရေး အရာရှိဟောင်း မိုက်ဂယ်လာဂါးက ပြောသည်။
ထိပ်တန်းအဖွဲ့ဝင်၊ အောက်လွှတ်တော်အမတ်နှင့် အိန္ဒိယအမေရိကန်ဖြစ်သည့် ရာဂျာ ခရစ်နာမွန်တီကလည်း တရုတ်ခြိမ်းခြောက်မှုအကြောင်း အလေးပေး ပြောကြားခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ (CCP) က ထိုင်ဝမ်အပါအဝင် အိမ်နီးချင်းများကို ခြိမ်းခြောက်လျက် အကြီးအကျယ်စစ်ရေးတည်ဆောက်နေကာ အမေရိကန်စီးပွားရေးကို ထိခိုက်နစ်နာစေသည့် စီးပွားရေးနှင့် ကုန်သွယ်ရေးမူဝါဒများကို ချမှတ်ဆောင်ရွက်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အမေရိကန်က CCP ၏ လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများကို တန်ပြန်ရန်သာမက ပြိုင်ဆိုင်မှုကို အားမပေးသည့် စီးပွားရေးမူဝါဒများကို ကိုင်တွယ်ဖြေရှင်းရေးအတွက် ကမ္ဘာ့မိတ်ဖက်များ၊ မဟာမိတ်များနှင့် ပိုမို ပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း ရာဂျာက ပြောကြားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly