ကလေးများကို ဘာသာရေးကျောင်းပို့သည့် ဝီဂါအမျိုးသမီး  ထောင်ဒဏ် နှစ် ၂၀ ကျော် ချမှတ်ခံရ

By Latestly
09 March 2023
ကလေးများကို ဘာသာရေးကျောင်းပို့သည့် ဝီဂါအမျိုးသမီး  ထောင်ဒဏ် နှစ် ၂၀ ကျော် ချမှတ်ခံရ

ဝီဂါအမျိုးသမီး အက်ရှမ်ဟမ် အဗ္ဗဒူလာသည် သူမ၏ ဆယ်ကျော်သက်ကလေး ၃ ဦးအား ဒေသတွင်းရှိ အိမ်တွင်းဘာသာရေးသင်တန်းကျောင်းသို့ ပို့ခြင်းကြောင့် ထောင်ဒဏ် အနှစ် ၂၀ ကျော် ချမှတ်ခံထားရကြောင်း RFA က ဖော်ပြသည်။

တရုတ်နိုင်ငံအနောက်ဘက်စွန်း ရှင်ကျန်းဝီဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် နေထိုင်သော အသက် ၆၂ နှစ်အရွယ် အဗ္ဗဒူလာသည် သမီး၂ ဦးနှင့် သား ၁ ဦးအား မွတ်စလင်ဝီဂါကိုယ်ပိုင်လက္ခဏာများကို ထိန်းသိမ်းစေလျက် အစ္စလာမ်ဘာသာရေး အဆုံးအမအတိုင်း နေစေခဲ့သည်။

တရုတ်အာဏာပိုင်များသည် ဝီဂါများကို  အမြစ်ပြတ်ချေမှုန်းရန် ပြောင်ပြောင် တင်းတင်း လုပ်ဆောင်နေသော်လည်း ကမ္ဘာက တရုတ်ကို အရေးယူမှု မရှိကြောင်းနှင့် ကမ္ဘာ့နိုင်ငံများသည် ဝီဂါများ ခံစားရသည့်အတိုင်း မကြာခင် ကြုံတွေ့ရဖွယ်ရှိကြောင်း  စာရေးသူက Uyghur Times တွင် သတိပေးရေးသားထားသည်။ 

ဂူလ်ဂျာခရိုင်၌ နေထိုင်သူ အဗ္ဗဒူလာသည် သူမ၏ကလေးများကို အိမ်တွင်း ဘာသာရေးကျောင်းသို့ပို့ခြင်းကြောင့် ၂၀၁၇ ခုနှစ်တွင် ထောင်ဒဏ် ၂၁ နှစ်ချမှတ်ခံခဲ့ရသည်ဟု သူမ၏ကျေးရွာမှ လုံခြုံရေးအကြီးအကဲတစ်ဦးက ပြောသည်။

"သူမက ဂူလ်ဂျာမြို့က ဘေးကော်အမျိုးသမီးအကျဉ်းထောင်မှာ အကျဉ်းကျခံနေရတယ်။ ကလေး ၁ ယောက်စီအတွက် ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ခံခဲ့ရပါတယ်" ဟု အမည်မဖော်လိုသူ အမျိုးသားက RFA သို့ ပြောကြားခဲ့သည်။
တရုတ်အာဏာပိုင်များသည် အဗ္ဗဒူလာ၏ကလေးများကို စခန်းတစ်ခုသို့ ခေါ်ဆောင်သွားပြီး ၁ နှစ်ကျော်ကြာ ထိန်းသိမ်းထားသော်လည်း နောက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့သည်ဟု ရွာလုံခြုံရေးအကြီးအကဲက ပြောသည်။

တရုတ်အာဏာပိုင်များသည် လူဦးရေ ၁၁ သန်းကျော်ရှိသော တာကစ်ဘာသာစကားပြော မွတ်စလင် ဝီဂါအများစုနေထိုင်သည့် ရှင်ကျန်းပြည်နယ်တွင် အဗ္ဗဒူလာကို သာမက အခြားဝီဂါ ၆၀ ကျော်ကိုလည်း ကလေးများအား ဘာသာရေးကျောင်းတက်စေမှုဖြင့် ဖမ်းဆီး၍ ထောင်ဒဏ်များ ပြင်းပြင်းထန်ထန် ချမှတ်မှုများကို  လွန်ခဲ့သည့် ၁၀ နှစ်ကျော်ကတည်းက လုပ်ဆောင်ခဲ့သော်လည်း ၂၀၂၂ ခုနှစ် မေလက  ရှင်ကျန်းရဲစခန်းမှ ကွန်ပျူတာများ ဖောက်ထွင်းခံရကာ လျှို့ဝှက်မှတ်တမ်းသန်းပေါင်းများစွာ ပါဝင်သော ရှင်ကျန်းရဲမှတ်တမ်း ထွက်ပေါ်လာမှ သိရှိခဲ့ရသည်။

အဗ္ဗဒူလာအတွက် ပြင်းထန်သည့် ပြစ်ဒဏ်ကို တရားရေးအာဏာပိုင်များက ဆုံးဖြတ်ချက်ချခဲ့သည်မဟုတ်ဘဲ တရုတ်ကွန်မြူနစ်ပါတီ၏ နိုင်ငံရေးနှင့် ဥပဒေရေးရာ ကော်မတီက ချမှတ်ခြင်းသာဖြစ်ကြောင်း  အမည်မဖော်လိုသူ ဝီဂါရဲအရာရှိဟောင်းက ဆိုသည်။

ဂူလ်ဂျာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၂၆ နှစ်ကြာပြီးသည့်တိုင် တရုတ်အစိုးရသည် ဝီဂါများကို ပြောင်ပြောင်တင်းတင်း ကွပ်မျက်မှုများ ပြုလုပ်သည်အထိ ဆိုးရွားလာကာ စခန်းများတွင် လှောင်ပိတ်ထားခြင်း၊ ဗလီများကို ဖျက်ဆီးခြင်း၊ ရမ်ဇာန် ဥပုသ်လတွင် ဘာသာရေး လုပ်ဆောင်ချက်များကို တားမြစ်ခြင်း၊ ကလေးများကို မိဘများနှင့် အတင်းအဓမ္မ ခွဲကာ မိဘမဲ့ဂေဟာများတွင် ထားခြင်းနှင့်  ပြောမထွက်နိုင်လောက်အောင် ဆိုးဝါးသော ညှင်းပန်းနှိပ်စက်မှုများစွာ ကျူးလွန်ခြင်းများရှိကြောင်း  ဆောင်းပါးရှင်က သတိပေးထားသည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly