ရုရှားကိုထောက်ခံသည့် မဟုတ်မမှန်လုပ်ကြံသတင်းများအတွက် တရုတ်က ငွေကြေးဘီလီယံနှင့်ချီ သုံးစွဲနေကြောင်း အမေရိကန် ပြောကြား

By The Guardian 
08 March 2023
ရုရှားကိုထောက်ခံသည့် မဟုတ်မမှန်လုပ်ကြံသတင်းများအတွက် တရုတ်က ငွေကြေးဘီလီယံနှင့်ချီ သုံးစွဲနေကြောင်း အမေရိကန် ပြောကြား

ယူကရိန်းအရေးတွင် ရုရှားလုပ်ရပ်များကို အပြည့်အဝထောက်ခံသည့် သတင်းများအပါအဝင် မဟုတ်မမှန် လုပ်ကြံသတင်းများကို ဖြန့်ရေးအတွက် ငွေကြေးဘီလီယံနှင့်ချီ၍ သုံးစွဲနေသော တရုတ်ကို တားဆီးရန် အနောက်နိုင်ငံများက ပျက်ကွက်ခဲ့ကြောင်း အမေရိကန်အထူးသံတမန်တစ်ဦးက ပြောကြားလိုက်သည်။

နိုင်ငံခြားဝါဒဖြန့်ချိမှုနှင့် မဟုတ်မမှန်လုပ်ကြံမှုများကို ဖော်ထုတ်တန်ပြန်ရေးအတွက် တည်ထောင်ထားသည့် အမေရိကန်နိုင်ငံခြားရေးဌာန၏ နိုင်ငံတကာဆက်ဆံရေးဗဟိုဌာနမှ ညှိနှိုင်းရေးမှူး ဂျိမ်းရူဘင်က ယခုသီတင်းပတ် ဥရောပခရီးစဉ်အတွင်း ယင်းကဲ့သို့ မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။

“တရုတ်နဲ့ ရုရှားရဲ့ မဟုတ်မမှန် လုပ်ကြံသတင်းတွေနဲ့ သတင်းမှားဖြန့် မှိုင်းတိုက်တာတွေရှိနေပါတယ်။ ဒါဟာ ဖျက်လိုဖျက်ဆီးလုပ်တာပါ” ဟု ကလင်တန်အစိုးရလက်ထက် အရာရှိဟောင်းနှင့် အသံလွှင့်ဌာနမှ ရုပ်သံထုတ်လွှင့်သူ ရူဘင်က ပြောကြားခဲ့သည်။

အလုပ်ဝင်ပြီး သီတင်း ၆ ပတ်အတွင်း ၎င်း၏ ရည်ရွယ်ချက်မှာ ယူကရိန်းနှင့် ပတ်သက်ပြီး ရုရှားနှင့်တရုတ်၏ မဟုတ်မမှန်လုပ်ကြံသတင်းများကို အနုနည်းဖြင့် ပြန်လည်ချေပရုံသာမက မဟုတ်မမှန် လုပ်ကြံသတင်းဖြန့်သူများကို လက်သင့်မခံရေး နိုင်ငံများအား တိုက်တွန်းရာတွင် လက်ဦးမှုရယူရန်ဖြစ်ကြောင်း ရူဘင်က ပြောကြားခဲ့သည်။

ရုရှားနှင့် တရုတ်သည် သတင်းအချက်အလက်များကို ထိန်းချုပ်ရန် ဒေါ်လာဘီလီယံပေါင်းများစွာ သုံးစွဲနေပြီး တရုတ်က တစ်ကမ္ဘာလုံးတွင် လှုပ်ရှားနေကာ ရုရှားထက် ပိုမိုသုံးစွဲနေကြောင်း ရူဘင်က ဆိုသည်။
“အမေရိကန်နဲ့ အနောက်နိုင်ငံတွေက တုံ့ပြန်ဖို့ နှေးကွေးနေပြီး ကျွန်တော်တို့ဟာ အလွန်ကြီးမားတဲ့ စိန်ခေါ်မှုကို ရင်ဆိုင်နေရတယ်ဆိုတာက တရားနည်းလမ်းကျကျ အကဲဖြတ်ထားတာပါ။ 
“ဆက်သွယ်ရေးကဏ္ဍမှာ တရုတ်နဲ့ ရုရှားကြား ပူးပေါင်းဆောင်ရွက်မှုက ပြီးပြည့်စုံလုနီးပါး ဖြစ်နေပါပြီ။” ဟု ၎င်းက သတင်းထောက်များအား ပြောကြားခဲ့သည်။

ယူကရိန်းစစ်ပွဲကို နေတိုးက စတင်ခြင်းဖြစ်သည်ဟူသော ရုရှား၏ အငြင်းပွားဖွယ် ပြောကြားချက်ကို တရုတ်က ထပ်ခါတလဲလဲ သံယောင်လိုက်နေကြောင်းလည်း ရူဘင်က ထောက်ပြသည်။

“ဘယ်ဘက်မှာ ရပ်တည်မလဲဆိုတာ အသာထား၊ ကမ္ဘာ့တောင်ဘက်ခြမ်းက နိုင်ငံအချို့က ကျူးကျော်စစ်ဖြစ်ပါတယ်ဆိုတာတောင် လက်မခံနိုင်ကြပါဘူး” ဟု ရူဘင်က စိတ်ပျက်လက်ပျက် ပြောကြားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly