တရုတ်က  ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေးကို ကမ်းလှမ်းသော်လည်း ထိုင်ဝမ်က မိမိတို့၏ ဒီမိုကရေစီကို အလေးထားရန် ပြောကြား

By Reuters
08 March 2023
တရုတ်က  ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေးကို ကမ်းလှမ်းသော်လည်း ထိုင်ဝမ်က မိမိတို့၏ ဒီမိုကရေစီကို အလေးထားရန် ပြောကြား

တရုတ်ဝန်ကြီးချုပ် လီခေ့ချန်က ထိုင်ဝမ်နှင့် ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေးနှင့် ထိုင်ဝမ်လွတ်လပ်ရေးကို ဆန့်ကျင်ရန် မဆုတ်မနစ်လုပ်ဆောင်သွားမည်ဟု  မတ်လ ၅ ရက်က ကတိပြုခဲ့ချိန်တွင် ထိုင်ဝမ်က တရုတ်အနေဖြင့် ထိုင်ဝမ်ပြည်သူများ၏ ဒီမိုကရေစီနှင့် လွတ်လပ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်များအပေါ် လေးစားသင့်ကြောင်း တုံ့ပြန်လိုက်သည်။

တရုတ်သည် ထိုင်ဝမ်အား စစ်ရေးအရ တိုက်ရိုက် ခြိမ်းခြောက်မှု မပြုသော်လည်း  ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟူသော တရုတ်တစ်နိုင်ငံတည်းမူဝါဒဖြင့် ရပ်တည်နေကြောင်း လီက တရုတ်နိုင်ငံလုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် နှစ်ပတ်လည် အစည်းအဝေးအဖွင့်တွင် ပြောကြားခဲ့သည်။

အစိုးရအနေဖြင့် ထိုင်ဝမ်ကိစ္စကို ဖြေရှင်းရန် မိမိတို့ ပါတီ၏ မူဝါဒကို အကောင်အထည်ဖော်သင့်ပြီး ထိုင်ဝမ်လွတ်လပ်ရေးကို ဆန့်ကျင်ရန်နှင့် ပြန်လည်ပေါင်းစည်းရေးကို မြှင့်တင်ရန် ပြတ်ပြတ်သားသား လုပ်ဆောင်သင့်သည်ဟု လီက Great Hall ခန်းမတွင် ကိုယ်စားလှယ် ၃၀၀၀ ခန့်အား ပြောကြားခဲ့သည်။

ရေလက်ကြားဖြတ်ကျော်ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေး လုပ်ငန်းစဉ်ကို မိမိတို့အနေဖြင့် မြှင့်တင်သင့်ကြောင်း လီက ပြောကြားခဲ့သည်။
ထိုင်ဝမ်အား တရုတ်၏ ထိန်းချုပ်မှုအောက်သို့ ရောက်စေရန် အင်အားသုံး လုပ်ဆောင်လိုသည့် သက်ဦးဆံပိုင် တရုတ်နိုင်ငံ၏ အုပ်ချုပ်မှုကို စိတ်မဝင်စားကြောင်း ထိုင်ဝမ်ပြည်သူအများစုက ပြသခဲ့ကြသည်။

ကောင်းမွန်သော အပြန်အလှန်ဆက်ဆံရေးအခြေအနေဖြစ်ပေါ်စေရန်  တရုတ်နိုင်ငံအနေဖြင့် ရေလက်ကြားဖြတ်ကျော် ကိစ္စရပ်များကို သေချာစဉ်းစားချင့်ချိန်ပြီး မျှမျှတတ အပြန်အလှန် အလေးထားသောနည်းလမ်းဖြင့် လက်တွေ့ကျကျ ကိုင်တွယ်ဖြေရှင်းသင့်ကြောင်း  ထိုင်ဝမ်က ပြောကြားခဲ့သည်။

တရုတ်က ခွဲထွက်ရေးသမားအဖြစ် ယူဆထားခံထားရသည့် ထိုင်ဝမ်သမ္မတ စိုင်အင်ဝမ်သည် တရုတ်အား ဆွေးနွေးရန် အကြိမ်ကြိမ် ကမ်းလှမ်းခဲ့သည်။
ထိုင်ဝမ်အစိုးရက တရုတ်၏ အချုပ်အခြာအာဏာတောင်းဆိုမှုကို ပြင်းပြင်းထန်ထန် ငြင်းဆိုထားပြီး ၂၃ သန်းသော ထိုင်ဝမ် ပြည်သူများကသာ အနာဂတ်ကို ဆုံးဖြတ်နိုင်သည်ဟု တုံ့ပြန်သည်။

ထိုင်ဝမ်သည် ၂၀၂၄ ခုနှစ်အစောပိုင်းတွင် သမ္မတနှင့် ပါလီမန်ရွေးကောက်ပွဲများ ကျင်းပမည်ဖြစ်ပြီး တရုတ်နှင့် တင်းမာမှုအကြောင်းအရာများက မဲဆွယ်စည်းရုံးမှုများကို လွှမ်းမိုးနိုင်ဖွယ်ရှိသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly