မန်းရွှေစက်တော်ဘုရားပွဲတော်ကို လွှတ်တော်ကဖွဲ့စည်းပေးထားသည့် ကော်မတီက စောင့်ကြည့်မည်

မန်းရွှေစက်တော်ဘုရားပွဲတော်ကို လွှတ်တော်ကဖွဲ့စည်းပေးထားသည့် ကော်မတီက စောင့်ကြည့်မည်

မင်းဘူး ၊ မတ် ၁၉ ။            ။ နှစ်စဉ်ဝေဖန်မှုများနှင့် နာမည်ထွက်နေသည့် မန်းရွှေစက်တော် ဘုရားပွဲတော်ကို မကွေးတိုင်းဒေသကြီးလွှတ်တော်က ဖွဲ့စည်းပေးထားသည့် မန်းရွှေစက်တော်ဘုရား ပွဲတော်ကျင်းပခြင်းလုပ်ငန်းများ ဆိုင်ရာလေ့လာညှိူနှိုင်းရေးကော်မတီက စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ယင်းကော်မတီ ဥက္ကဌ လွှတ်တော်ကိုယ်စားလှယ်ဦးနေမျိုးကျော်က ပြောကြားသည်။

ကော်မတီသက်တမ်း ရက်၃၀အတွင်း မန်းရွှေစက်တော်ဘုရားပွဲတော် ဘုရား ဖူးများ အဆင်ပြေချောမွေ့စေရေး၊ ဈေးသည်များအဆင်ပြေစွာလုပ်ကိုင်နိုင်ရေးနှင့် အဓိကအားဖြင့် အဂတိလိုက်စားမှုကင်းစင် စေရေးတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

မန်းရွှေစက်တော်ဘုရားပွဲသည် ဘုရားဖူးများ၊လူစည်းကားသောနေ့များ၌ ဝါးတဲကျောင်းငှားရန်းခများ ကျပ်တစ်သိန်းအထိ အဆမတန် ဈေးများမြင့်တက်ခြင်းနှင့် လုပ်ငန်း၊လေလံ၊တင်ဒါကိစ္စများတွင် ဘုရားဖူးနှင့်ဒေသခံများအကြား နှစ်စဉ် ဝေဖန်မှု အမျိုးမျိုးရှိခဲ့ပြီးနောက် ယင်းကော်မတီကို ဒုတိယအကြိမ်၊မကွေးတိုင်းဒေသကြီးလွှတ်တော်ပထမပုံမှန် အစည်းအဝေးပဉ္စမနေ့တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

လွှတ်တော်ကိုယ်စားလှယ်ဦးနေမျိုးကျော်က"ရွှေစက်တော်ဘုရားကြီးနဲ့ပတ်သက်ပြီး၊ကော်မတီကလေ့လာသွားမယ်၊ ဘဏ္ဍာငွေထိမ်းသိမ်းထားသိုမှုနဲ့ပတ်သက်ပြီး ပွင့်လင်း မြင်သာမှု ရှိမရှိ၊ပွဲတော်ကာလတွေမှာ လုပ်ငန်းလေလံတွေကို ဘယ်လိုပေးထားသလဲ၊ တင်ဒါစည်းကမ်းတွေနဲ့ညီရဲ့လား၊ တင်ဒါ စည်းကမ်းတွေကို ချိုးဖောက်သလား၊ ဘယ်လိုအရေးယူဆောင်ရွက်သလဲ၊ အဂတိတပါးပါးရှိသလား၊ဒါမျိုးတွေကို အသေးစိပ် လေ့လာသွားမယ်" ဟု မဇ္ဈိမသို့ ပြောသည်။

မန်းရွှေစက်တော်ဘုရားပွဲတော်ကို တာဝန်ယူကျင်းပသည့် ဂေါပကအဖွဲ့မှာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် အုပ်ချုပ်ရေးမှ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

"ရွှေစက်တော်ဘုရားပွဲတော်ဟာ (၁၉၈၈)နောက်ပိုင်း နဝတ၊နအဖ အစိုးရလက်ထက်ကိုင်တွယ်ခဲ့တဲ့ ကာလမှာ ရွှေစက်တော် ဘုရားပွဲတော်ဟာ မူလဗုဒ္ဓပူဇနိယဘုရားပွဲ ဂုဏ်အင်္ဂါအရည်အချင်းတွေ ထိခိုက်သွားတယ်၊ အခွန်အခဈေးနှုန်းကြီးမြင့်မှုတွေ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ သဘာဝဘေး အန္တရာယ် ကာကွယ်မှုအပိုင်းတွေမှာ တော်တော့်ကို လျော့တိလျော့ရဲဖြစ်တဲ့အတွက် ဘုရားဖူးတွေ နစ်နာတယ်၊ ဗုဒ္ဓဘာသာဘုရားပွဲတစ်ခုရဲ့ ဓလေ့ထုံးထမ်းစဉ်လာတွေ ပျက်ပြားသွားတယ်၊ ဝန်ဆောင်မှုပေး တဲ့ပွဲတော်က စီးပွားရေးဆန်တဲ့ပွဲတော်ကြီး ဖြစ်သွားတာ တစ်နိုင်ငံလုံးသိတယ်၊" ဟု ၎င်းကပြောသည်။

မကွေးတိုင်းစာရေးဆရာအသင်း အတွင်းရေးမှူး ဆရာနန္ဒကျော်ခေါင်ကလည်း"ကော်မတီဖွဲ့စည်းခြင်းကို ကြိုဆိုပါတယ်။မကွေးတိုင်း လွှတ်တော်မှာ ဒီလိုကော်မတီမျိုးဖွဲ့တာ တစ်ခါမှမကြားဖူးပါဘူး။ အပြောင်းအလဲကို ကျွန်တော်တို့ခံစားနေရပါပြီ၊ မန်းရွှေစက်တော် ဘုရားပွဲကြီးအတွက် စစ်မှန်သောပြောင်းလဲမှုတွေ မြင်တွေ့ရတော့မယ်လို့ ယုံကြည်ပါတယ်။"-ဟု မဇ္ဈိမသို့ ပြောသည်။

ယင်းကော်မတီသည် ရွှေစက်တော် ဘုရားပွဲတော်ကျင်းပရာ၌ တိကျသော စည်းမျဉ်းစည်းကမ်းဥပဒေများနှင့် အညီဆောင်ရွက် နိုင်ရန် လွှတ်တော်၏ လုပ်ထုံးလုပ်နည်းနှင့်အညီ ကြိုးပမ်းသွားမည်ဖြစ်သည်။ကော်မတီကို လွှတ်တော်ကိုယ်စားလှယ်(၆)ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး၊ကော်မတီသက်တမ်းမှာ ရက်(၃၀)သာရှိမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly