ဟောင်ကောင်ရဲတပ်ဖွဲ့၏ သတိပေးမှုကြောင့်  အမျိုးသမီးအခွင့်အရေး ဆန္ဒပြပွဲ ဖျက်သိမ်းခဲ့ရ

By Reuters
08 March 2023
ဟောင်ကောင်ရဲတပ်ဖွဲ့၏ သတိပေးမှုကြောင့်  အမျိုးသမီးအခွင့်အရေး ဆန္ဒပြပွဲ ဖျက်သိမ်းခဲ့ရ

ဟောင်ကောင်ရဲတပ်ဖွဲ့က  ဆန္ဒပြပွဲတွင် အကြမ်းဖက်အဖွဲ့များ ပူးပေါင်းပါဝင်လာနိုင်သည်ဟု သတိပေးလာပြီးနောက် အမျိုးသမီးအခွင့်အရေးအဖွဲ့သည် မတ်လ ၄ ရက်၌ပြုလုပ်မည့် ဆန္ဒပြပွဲကို အချိန်နီးမှ ဖျက်သိမ်းလိုက်ရသည်။

 
ဟောင်ကောင်အမျိုးသမီးလုပ်သားများအဖွဲ့အစည်းသည် အလုပ်သမားအခွင့်အရေး၊ အမျိုးသမီးအခွင့်အရေးနှင့် အမျိုးသား၊ အမျိုးသမီး တန်းတူညီမျှမှုကို တောင်းဆိုမည့်  ရှားရှားပါးပါး လူထုဆန္ဒပြပွဲတစ်ရပ်ကို အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ မတိုင်မီ မတ် ၅ ရက်တွင် ကျင်းပရန် မူလက ဟောင်ကောင်ရဲတပ်ဖွဲ့၏ ခွင့်ပြုချက်ကို ရရှိခဲ့သည်။

အသင်းအနေဖြင့် ဆန္ဒပြပွဲကို ဖျက်သိမ်းရန် စိတ်မကောင်းစွာဖြင့် ဆုံးဖြတ်ခဲ့ရကြောင်း ၎င်း၏ Facebook စာမျက်နှာတွင် မတ်လ ၄ ရက် ညပိုင်းက အကြောင်းပြချက်တစ်စုံတစရာမပေးဘဲ ထုတ်ပြန်ခဲ့သည်။

ဆန္ဒပြပွဲကျင်းပဖြစ်ခဲ့ပါက နှစ်ပေါင်းများစွာအတွင်း မြို့တော်၌ ရဲတပ်ဖွဲ့က အတည်ပြုခဲ့သည့် ပထမဆုံးသော လူထုအခွင့်အရေးဆန္ဒပြပွဲ ဖြစ်လာမည်ဖြစ်သည်။
တရုတ်နိုင်ငံသည် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေချိန် ၂၀၂၀ ခုနှစ်က  ဟောင်ကောင်တွင် အမျိုးသားလုံခြုံရေးဥပဒေကို ပြဌာန်းခဲ့ပြီး လူထုဆန္ဒပြပွဲများအတွက် ခွင့်ပြုချက်တောင်းခံမှုများကို ရဲတပ်ဖွဲ့က ပယ်ချခဲ့သည်။

တရုတ်နိုင်ငံ၏ နှစ်ပတ်လည်ပါလီမန်အစည်းအဝေး ပြုလုပ်ချိန်အတွင်း အရှက်ရစေမည့် ဆန္ဒပြမှုကို ရဲတပ်ဖွဲ့မှ ရှောင်ရှားလိုခြင်း ဟုတ်၊ မဟုတ် မေးမြန်းရာ ဆန္ဒပြပွဲ ပြုလုပ်သူများက ယေဘုယျအကြောင်းရင်းများကို ချင့်ချိန်ပြီးနောက် အစီအစဉ်ကို ဖျက်သိမ်းခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံလုံးဆိုင်ရာပြည်သူ့ကွန်ဂရက်မှ အကြီးတန်းကြီးကြပ်ရေးမှူး ဒဲနစ်ချန်းက သတင်းထောက်များအား ပြောကြားခဲ့သည်။

အချို့သော အကြမ်းဖက်အုပ်စုများသည် အသိပေးခြင်းမရှိဘဲ ဆန္ဒပြရာတွင် ပူးပေါင်းပါဝင်ချင်နေကြကြောင်း ချန်းက ပြောကြားခဲ့သည်။

“သက်ဆိုင်ရာနေရာတွေမှာ ဆက်လက်စုဝေးသူ မည်သူမဆို ခွင့်ပြုချက်မဲ့ဆန္ဒပြပွဲမှာ ပါဝင်သူအဖြစ် သတ်မှတ်ခံရမှာဖြစ်ပါတယ်” ဟု ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားပြီး အမြင့်ဆုံး ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်နိုင်သည်ဟု ဆိုသည်။
အဖျက်အမှောင့်အပါအဝင် တရားမဝင်သော လုပ်ရပ်များအတွက် ထောင်ဒဏ် တစ်သက်အထိ ချမှတ်နိုင်သည့် ဟောင်ကောင်အမျိုးသားလုံခြုံရေးဥပဒေကို တရုတ်က ၂၀၂၀ ခုနှစ်တွင် ပြဌာန်းခဲ့သည်။

အဆိုပါ ဥပဒေသည် အတိုက်အခံများကို ချေမှုန်းမည့်လက်နက်တစ်ခုဟု အနောက်နိုင်ငံအချို့က ဝေဖန်ခဲ့သော်လည်း တရုတ်နှင့် ဟောင်ကောင်အစိုးရများက အဆိုပါဥပဒေသည် ၂၀၁၉ ခုနှစ်အတွင်း လပေါင်းများစွာ ပြုလုပ်ခဲ့သော ဒီမိုကရေစီကိုထောက်ခံသည့်ဆန္ဒပြပွဲများအပြီး မြို့တော်တည်ငြိမ်မှုကို ပြန်လည်ရရှိခဲ့သည်ဟု ဆိုသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly