အမေရိကန်၏ ကုန်သွယ်ရေးအမည်ပျက်စာရင်းသစ်တွင် တရုတ်ကုမ္ပဏီများ ပါဝင်

By Taipei Times
08 March 2023
အမေရိကန်၏ ကုန်သွယ်ရေးအမည်ပျက်စာရင်းသစ်တွင် တရုတ်ကုမ္ပဏီများ ပါဝင်

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်၏ အစိုးရသည် မတ်လ ၂ ရက်က ကုမ္ပဏီ ၃၇ ခုကို ကုန်သွယ်မှုအမည်ပျက်စာရင်း တွင် ထည့်သွင်းခဲ့ပြီး ၎င်းတို့တွင် ထိုင်ဝမ်ကုမ္ပဏီ ၃ ခု၊ တရုတ်မျိုးရိုးဗီဇဆိုင်ရာ ကုမ္ပဏီ (BGI)နှင့် တရုတ် ကွန်ပျူတာကုမ္ပဏီ Inspur တို့၏ ဌာနခွဲများ ပါဝင်သည်။ 

BGI သုတေသနနှင့် BGI Tech Solutions (ဟောင်ကောင်)တို့သည် တရုတ်အစိုးရ၏ စောင့်ကြည့်ထောက်လှမ်းမှုကို ပံ့ပိုးပေးခြင်းဖြင့် အန္တရာယ် ကြီးကြီးမားမားပေးနေသည်ဟု  စွပ်စွဲခံရကာ ပို့ကုန်ထိန်းချုပ်မှုများကို ကြီးကြပ်ရသည့် အမေရိကန်ကုန်သွယ်ရေးဌာနက အမည်ပျက်စာရင်းတွင် ထည့်သွင်းခဲ့ခြင်း ဖြစ်သည်။ 

မျိုးရိုးဗီဇအချက်အလက် စုဆောင်းခြင်းနှင့် ခွဲခြမ်းစိတ်ဖြာခြင်းနှင့်ဆိုင်သည့် အဆိုပါ ကုမ္ပဏီများ၏ လုပ်ဆောင်ချက်များသည် တရုတ်စစ်ဘက်ဆိုင်ရာ အစီအစဉ်များသို့ လွှဲပြောင်းပေးမည့် အန္တရာယ်ရှိနေကြောင်း ကုန်သွယ်ရေးဌာနက ပြောကြားခဲ့သည်။

တရုတ်မျိုးရိုးဗီဇဆိုင်ရာ ကုမ္ပဏီ (BGI) သည် လူဦးရေဆိုင်ရာ ကိစ္စရပ်များကို အကြောင်းပြကာ သုတေသများအတွက် သန်းနှင့်ချီသော အမျိုးသမီးများထံမှ မျိုးရိုးဗီဇ အချက်အလက်များကို စုဆောင်းလျက်ရှိပြီး တရုတ်စစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း Reuters သတင်းတွင် ယခင်က ဖော်ပြခဲ့သည်။
BGI ၏ မှုခင်းဆေးပညာလုပ်ငန်းခွဲဖြစ်သော Forensics Genomics International ကိုလည်း အဆိုပါ အမည်ပျက်စာရင်းတွင် ထည့်သွင်းထားသည်။

အမေရိကန်ကုန်သွယ်ရေးဌာနက Inspur ကုမ္ပဏီသည် တရုတ်စစ်တပ်ခေတ်မီရေး ကြိုးပမ်းမှုများကို ပံ့ပိုးကူညီရေးအတွက် အမေရိကန်ထုတ် ကုန်ပစ္စည်းများအား ရယူရန် ကြိုးပမ်းနေသည်ဟု စွပ်စွဲခဲ့သည်။
အဆိုပါစာရင်းတွင် အခြားတရုတ်အဖွဲ့အစည်း ၂၆ ခုကိုလည်း ထည့်သွင်းထားပြီး ယင်းကုမ္ပဏီများသည် အမေရိကန်ကုန်ပစ္စည်းများကို အလွယ်တကူ မရရှိနိုင်တော့ပေ။ 

အမည်ပျက်စာရင်းသစ်တွင် ဒဏ်ခတ်ပိတ်ဆို့ထားသော အဖွဲ့အစည်းကို ထောက်ပံ့နေသည့် သို့မဟုတ် ထောက်ပံ့ရန် ကြိုးပမ်းနေသည့် အီရန်ရှိ ကုမ္ပဏီအများအပြားနှင့် ထိုင်ဝမ်၊ ရုရှားနှင့် ဘီလာရုစ်နိုင်ငံများရှိ ကုမ္ပဏီ ၃ ခုတို့ ပါဝင်သည်ဟု ယင်းဌာနက ဆိုသည်။ 

အမေရိကန် ကုန်သွယ်ရေးဌာနသည် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံရှိ ကုမ္ပဏီများကို လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် အမည်ပျက်စာရင်းတွင် ထည့်သွင်းခဲ့ခြင်းဖြစ်ပြီး ပါကစ္စတန်နိုင်ငံအပါအဝင် စိုးရိမ်ဖွယ် ပဲ့ထိန်းဒုံးကျည်အစီအစဉ်များကို ပံ့ပိုးပေးသည့် တရုတ်နှင့် ပါကစ္စတန်ရှိ ကုမ္ပဏီများလည်း အဆိုပါ အမည်ပျက်စာရင်းတွင် ထည့်သွင်းခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly