နိုင်ငံအကျိုးစီးပွားထိခိုက်နိုင်ခြင်းကြောင့် မြေရှားသတ္တုကုမ္ပဏီတွင် တရုတ်ရင်းနှီးမြှုပ်နှံမှုကို သြစတြေးလျအစိုးရ တားမြစ် 

By Straits times
07 March 2023
နိုင်ငံအကျိုးစီးပွားထိခိုက်နိုင်ခြင်းကြောင့် မြေရှားသတ္တုကုမ္ပဏီတွင် တရုတ်ရင်းနှီးမြှုပ်နှံမှုကို သြစတြေးလျအစိုးရ တားမြစ် 

သြစတြေးလျအစိုးရသည် နိုင်ငံတော်အကျိုးစီးပွားထိခိုက်နိုင်သည့်အကြောင်းပြချက်ဖြင့် ရှယ်ယာအများဆုံးထည့်ဝင်ထားသည့် တရုတ်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ Yuxiao Fund အား Northern Minerals မြေရှားသတ္တုကုမ္ပဏီတွင် ထပ်မံရင်းနှီးမြှုပ်နှံခွင့် ပိတ်ပင်ထားကြောင်း ကုမ္ပဏီက ဖေဖော်ဝါရီ ၂၈ ရက်တွင် ပြောသည်။

Yuxiao Fund ကုမ္ပဏီသည် ရှယ်ယာပိုင်ဆိုင်မှုကို ၉ ဒသမ ၉၂ ရာခိုင်နှုန်းမှ ၁၉ ဒသမ ၉ ရာခိုင်နှုန်းအထိ တိုးမြှင့်ရေးအတွက် သြဂုတ်လတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပြန်လည်သုံးသပ်ရေးဘုတ်အဖွဲ့၏ ခွင့်ပြုချက်ကို တောင်းခံခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ဘဏ္ဍာရေးဝန်ကြီး ဂျင်ချန်မာက ရှယ်ယာတိုးမြှင့်မှုအား တားမြစ်သည့်အမိန့်ညွှန်ကြားချက်ကို ဖေဖော်ဝါရီ ၁၅ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်။

စင်ကာပူတွင် မှတ်ပုံတင်ထားသော Yuxiao Fund ရန်ပုံငွေကုမ္ပဏီသည် တရုတ်သို့ အရည်အသွေးနိမ့် မြေရှားသတ္တုများတင်ပို့သည့် မိုဇမ်ဘစ်နိုင်ငံတွင် မိုင်းတွင်းများပိုင်ဆိုင်သော တရုတ်နိုင်ငံသား ဝူယုရှောင်၏ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီဖြစ်ကြောင်း Northern Minerals အမှုဆောင် ဥက္ကဋ္ဌ နစ်ကာတစ်က Reuters သို့ ပြောကြားခဲ့သည်။

" နိုင်ငံတော်အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် အစိုးရတွေ လုပ်ပိုင်ခွင့်ရှိတဲ့ အထူးပိုင်ဆိုင်မှုအမျိုးအစားတွေ ရှိပါတယ်” ဟု ကာတစ်က ပြောကြားခဲ့သည်။
နိုင်ငံတော်လုံခြုံရေးအကြောင်းပြချက်ဖြင့် တရုတ်ရင်းနှီးမြှုပ်နှံမှုများကို ပိတ်ဆို့ခြင်းကြောင့် တရုတ်က သြစတြေး လျကို ပြစ်တင်ဝေဖန်ခဲ့ပြီး ယင်းကြောင့် နှစ်နှင့်ချီ သံတမန်ဆက်ဆံရေးအေးစက်ခဲ့သည်။

သြစတြေးလျပို့ကုန်များကို တရုတ်က ဆက်လက်ပိတ်ဆို့ထားသော်လည်း နှစ်ပေါင်းများစွာ တင်းမာနေခဲ့သည့် နှစ်နိုင်ငံဆက်ဆံရေးမှာ တိုးတက်လာသည်။
ကမ္ဘာ့ထိပ်တန်း လီသီယမ်တင်ပို့သူနှင့် မြေရှားများထုတ်လုပ်သူဖြစ်သည့် သြစတြေးလျက ယင်း၏ အရေးပါသော ဓာတ်သတ္တုလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်ပြီး ပိုမိုစိစစ်လာသည်။  

ကမ္ဘာ့ဒိုင်စပရိုစီယမ်တင်ပို့မှု၏ ၉၄ ရာခိုင်နှုန်းကို တရုတ်နိုင်ငံက ထိန်းချုပ်ထားသည်။ Northern Minerals က တရုတ်ပြင်ပတွင် ဒိုင်စပရိုစီယမ် အများဆုံးထုတ်လုပ်သူဖြစ်လာရန် ကြိုးပမ်းနေကြောင်း ပြောကြားခဲ့သည်။ ဒိုင်စပရိုစီယမ်သည် လျှပ်စစ်ကားများတွင် အသုံးပြုသည့် သံလိုက်များအတွက် အဓိကအစိတ်အပိုင်း တစ်ခုဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly