ကျောက်တလုံးတွင် စစ်တပ်က မီးရှို့ပြီး အမျိုးသမီး ၄ ဦးကို ဖမ်းဆီးထား 

By အဂမ် (မဇ္ဈိမ)
07 March 2023
ကျောက်တလုံးတွင် စစ်တပ်က မီးရှို့ပြီး အမျိုးသမီး ၄ ဦးကို ဖမ်းဆီးထား 

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်ရှိ ကျောက်တလုံးကျေးရွာမှ နေအိမ်များကို စစ်ကောင်စီတပ်က  မီးရှို့ဖျက်ဆီးလိုက်သည့်အပြင် ဒေသခံအမျိုးသမီး လေးဦးကို ဖမ်းဆီးထားကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။

အင်အား ၂၀၀ နီးပါး ပါဝင်သော စစ်ကောင်စီတပ်ဖွဲ့သည် ကျောက်တလုံးကျေးရွာ အတွင်းသို့ ပြီးခဲ့တဲ့ မတ်လ (၄)နေ့မှာ ဝင်ရောက်လာခဲ့ပြီးနောက် ဒေသခံအရပ်သား ၂၀ ဦးခန့်ကို ရွာဘုန်းကြီးကျောင်းတွင် ဖမ်းဆီးထားခဲ့သည်။ 

“ရွာဘုန်းကြီး ကျောင်းထဲမှာ ထိုင်ခိုင်းထားတာဟုတ်တယ်။ မနေ့က မနက်တော့ အားလုံးပြန်လွတ်လာပြီ။ ဒါပေမယ့် မိန်းကလေး လေးယောက်ကိုတော့ ဖမ်းထားတုန်းပဲ ရှိသေးတယ်။ ” ဟု အမည်မဖော်လိုသော ဒေသခံသတင်းရင်းမြစ်က မဇ္ဈိမကို ပြောသည်။ 

ဖမ်းဆီးခံထားရသည့် အရပ်သား ၂၀ ဦးအနက် အမျိုးသား ၁၆ ဦးကို မတ်လ ၅ ရက်နေ့ နံနက်ပိုင်းတွင် ပြန်လွှတ်ပေးလိုက်သော်လည်း အမျိုးသမီးလေးဦးကို ဆက်လက်ဖမ်းဆီးထားဆဲဖြစ်ကြောင်း ဒေသခံများက ပြောသည်။ 

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF) ပူးပေါင်းတပ်ဖွဲ့က စစ်ကောင်စီစစ်ကြောင်းကို ကျောက်ကြီးကျေးရွာနှင့် သာယာကုန်းကျေးရွာကြားတွင် မတ်လ ၃ ရက်နေ့က ကြားဖြတ်တိုက်ခိုက်ရာ နှစ်ဘက်တိုက်ပွဲဖြစ်ပွားခဲ့သည်။ 

ယင်းနောက် ဖြတ်တိုက်ခံရ၍ အထိနာသွားသော စစ်ကောင်စီတပ်ဖွဲ့က ကျောက်တလုံးကျေးရွာအတွင်းသို့ အင်အားအလုံးအရင်းနှင့် ဝင်ရောက်စီးနင်းကာ အရပ်သားများကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ 

ကျောက်တစ်လုံးကျေးရွာမှ လူနေအိမ်နှစ်လုံးကို PDF ထောက်ပံ့သူများ၏ နေအိမ်ဟု စွပ်စွဲကာ မီးရှို့ဖျက်ဆီးရာမှ လူနေအိမ် ၃၀ နီးပါး မီးကူးစက်လောင်သွားခဲ့ကြောင်း ဒေသခံများက မဇ္ဈိမကို အခိုင်အမာပြောသည်။ 

ရွှေကူမြို့နယ် ကျောက်တလုံးကျေးရွာသည် အိမ်ခြေ ၁၆၀ ကျော်ရှိသည့် ကျေးရွာတစ်ရွာဖြစ်ပြီး နေအိမ် ၃၀ ခန့် မီးလောင် ကျွမ်းမှုကို စစ်ကောင်စီ ဝါဒဖြန့်သူများက ကေအိုင်အေနှင့် PDF တို့က မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း လူမှုကွန်ရက်များနှင့် တယ်လီဂရမ်များတွင် ရေးသားဖော်ပြနေကြသည်ကို တွေ့ရသည်။ 

စာတည်း။  ။ နောင်နောင်
စာမူတည်းဖြတ်။   ။ သန့်ဇော်(သန်လျင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly