ထိုင်ဝမ်ကို တရုတ်က ကျူးကျာ်တိုက်ခိုက်ချိန်တွင် အနောက်နိုင်ငံများလည်း ဆိုက်ဘာတိုက်ခိုက်မှုခံရနိုင်ကြောင်း အမေရိကန် သတိပေး

By VOA
07 March 2023
ထိုင်ဝမ်ကို တရုတ်က ကျူးကျာ်တိုက်ခိုက်ချိန်တွင် အနောက်နိုင်ငံများလည်း ဆိုက်ဘာတိုက်ခိုက်မှုခံရနိုင်ကြောင်း အမေရိကန် သတိပေး

တရုတ်သည်  ထိုင်ဝမ်ကို ကျူးကျာ်တိုက်ခိုက်ခဲ့ပါက တစ်ချိန်တည်းတွင် အနောက်နိုင်ငံများနှင့် အမေရိကန်ကိုပါ ဆိုက်ဘာတိုက်ခိုက်မှုကြီးများ ပြုလုပ်လာနိုင်ကြောင်း အမေရိကန်ဆိုက်ဘာလုံခြုံရေး ထိပ်တန်းအရာရှိတစ်ဦးက သတိပေးလိုက်သည်။

တရုတ်ပြုလုပ်လာနိုင်သည့် ဆိုက်ဘာတိုက်ခိုက်မှုများအတွက် အမေရိကန်နှင့် မဟာမိတ်များက ကြိုတင်ပြင်ဆင် ထားရမည်ဖြစ်ကြောင်း ဆိုက်ဘာလုံခြုံရေးနှင့် အခြေခံအဆောက်အအုံလုံခြုံရေးဌာနမှ ညွှန်ကြားရေးမှူး ဂျင်အီ စတာလေးက ဖေဖော်ဝါရီလ ၂၇ ရက်တွင် ပြောကြားလိုက်သည်။

"ထိုင်ဝမ်ကို တရုတ်က ကျူးကျော်ချိန်မှာ မိမိတို့ရဲ့ အရေးကြီးတဲ့ အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်နိုင်တဲ့ အလားအလာဟာ မဖြစ်နိုင်ဘူးလို့ ပြောလို့မရပါဘူး" ဟု ပစ်ဘာ့မြို့ရှိ ကာနေဂျီမယ်လွန်တက္ကသိုလ်တွင် အီစတာလေးက ပြောကြားခဲ့သည်။

ကျူးကျာ်ချိန်တွင် ဓာတ်ငွေ့ပိုက်လိုင်းအများအပြား ပေါက်ကွဲခြင်း၊ ရေစနစ်များ ညစ်ညမ်းသွားခြင်း၊ ဆက်သွယ် ရေးစနစ်များထိန်းချုပ်ခံရခြင်း၊ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများ ပိတ်ဆို့သွားခြင်းများဖြစ်နိုင်ကြောင်း သူမက ထပ်လောင်း ပြောကြားခဲ့သည်။

"အမေရိကန်တစ်ဝန်း မငြိမ်မသက်မှုတွေ၊ ထိတ်လန့်တုန်လှုပ်အောင် လှုံ့ဆော်ဖို့နဲ့ စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ စွမ်း ဆောင်ရည်နဲ့ နိုင်ငံသားတွေရဲ့ ဆန္ဒကို ဟန့်ထားဖို့ တရုတ်က စီစဉ်ထားပါတယ်"
“အမေရိကန်ပြည်သူတွေရဲ့ ဆန္ဒကို ထိခိုက်စေပြီး အရေးကြီးတဲ့ အခြေခံအဆောက်အအုံတွေကို တရုတ်က တိုက်ခိုက်နေတာ ကြာပါပြီ” ဟု အီစတာလေးက ဆိုသည်။

တရုတ်က ထိုင်ဝမ်ကို ၂၀၂၇ ခုနှစ်တွင် အင်အားသုံးသိမ်းပိုက်ရန် တက်ကြွစွာပြင်ဆင်နေကြောင်း အမေရိကန် ထောက်လှမ်းရေးအေဂျင်စီများနှင့် စစ်ဘက်အရာရှိများက သတိပေးထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly