တရုတ်က ကာကွယ်ရေးအသုံးစရိတ်ကို ၇ ဒသမ ၂ ရာခိုင်နှုန်း တိုးမြှင့်သွားမည် 

By CNBC
07 March 2023
တရုတ်က ကာကွယ်ရေးအသုံးစရိတ်ကို ၇ ဒသမ ၂ ရာခိုင်နှုန်း တိုးမြှင့်သွားမည် 

တရုတ်နိုင်ငံသည် ယခုနှစ်အတွင်း ကာကွယ်ရေးအသုံးစရိတ်ကို ၇ ဒသမ၂ ရာခိုင်နှုန်းတိုးမြှင့်ရန် စီစဉ်ထားသည့်အတွက် အသုံးစရိတ် ယွမ် ၁ ဒသမ ၅၆ ထရီလီယံ (ဒေါ်လာ ၂၃၀ ဘီလီယံ) ရှိလာမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန၏ မတ်လ ၅ ရက်က ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံ၏ ကာကွယ်ရေးအသုံးစရိတ်သည် ယမန်နှစ်က ၇ ဒသမ ၁ ရာခိုင်နှုန်း တိုးမြှင့်ကာ ယွမ် ၁ ဒသမ ၄၅ ထရီလီယံထိ ရှိခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် ၆ ဒသမ ၈ ရာခိုင်နှုန်းနှင့် ၂၀၂၀ ခုနှစ်တွင် ၆ ဒသမ ၆ ရာခိုင်နှုန်း အသီးသီး တိုးမြှင့်ခဲ့သည်။

တရုတ်နိုင်ငံ၏ ကာကွယ်ရေးအသုံးစရိတ်သည် ၂၀၁၉ ခုနှစ်တွင် ၇ ဒသမ ၅ ရာခိုင်နှုန်း တိုးမြှင့်ကာ ၁ ဒသမ ၁၉ ထရီလီယံထိ ရှိခဲ့သည်။

အစိုးရလုပ်ငန်းပိုင်းနှင့်ဆိုင်သည့် မတ်လ ၅ ရက်ထုတ် သီးခြားအစီရင်ခံစာတွင် ဝန်ကြီးချုပ် လီခေ့ချန်က ရုရှား-ယူကရိန်းစစ်ပွဲအကြောင်း ဖော်ပြခြင်းခဲ့မရှိပေ။ ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ လွတ်လပ်သော နိုင်ငံခြားရေးမူဝါဒကို မိမိတို့ ဆက်လက်ကိုင်စွဲထားကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ 

တရုတ်၏ ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေး တောင်းဆိုချက်ကို ဆုပ်ကိုင်ပြီး ထိုင်ဝမ်၏ လွတ်လပ်ရေးကြိုးပမ်းမှုကို ပြတ်ပြတ်သားသား ဆန့်ကျင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါ လုပ်ငန်းအစီရင်ခံစာတွင် ဖော်ပြထားသည်။ 
အမေရိကန်အစိုးရသည် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့ ကုန်ဆုံးမည့် ဘဏ္ဍာနှစ်အတွက် ဒီဇင်ဘာလတွင် ကာကွယ်ရေးအသုံးစရိတ် ဒေါ်လာ ဘီလီယံ ၈၀၀ ကျော် ခွင့်ပြုခဲ့သည်။ ပြည်တွင်း ငွေကြေးဖောင်းပွမှုအပြင် တရုတ်နှင့် ရုရှားတို့၏ စစ်ရေးစွမ်းရည်များကို တန်ပြန်ရန် လိုအပ်ကြောင်း အဆိုပါ အသုံးစရိတ်အစီအစဉ်က ပြသနေသည်။ 
အဆိုပါ အသုံးစရိတ်ပမာဏသည် ယခင်နှစ်များထက် သိသိသာသာ မြင့်မားနေသည်။

အမေရိကန်သည် ၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်ကာကွယ်ရေးအတွက် ဒေါ်လာ ၇၆၇ ဘီလီယံ သို့မဟုတ် ဘတ်ဂျက်၏ ၁၂ ရာခိုင်နှုန်းကို သုံးစွဲခဲ့ကြောင်း ဘဏ္ဍာရေးဌာန အချက်အလက်များတွင် ဖော်ပြထားသည်။

အဆိုပါ ပမာဏသည် ၂၀၂၁ ခုနှစ်တွင် သုံးစွဲခဲ့သည့် ဒေါ်လာ ၇၅၅ ဘီလီယံထက် ၂ ရာခိုင်နှုန်းခန့် ပိုများကြောင်း အချက်အလက်များက ဖော်ပြနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly