ရုရှားသို့ လက်နက်မပို့ရန် ဂျာမနီဝန်ကြီးချုပ်က တရုတ်အား တောင်းဆို 

By Independent
06 March 2023
ရုရှားသို့ လက်နက်မပို့ရန် ဂျာမနီဝန်ကြီးချုပ်က တရုတ်အား တောင်းဆို 

ဂျာမနီဝန်ကြီးချုပ် အိုလက်ဖ်ရှော့ဇ်က တရုတ်နိုင်ငံအား ရုရှားနိုင်ငံသို့ လက်နက်များ ပေးပို့ခြင်း မပြုလုပ်ရန်နှင့် ယူကရိန်းမှ ရုရှားတပ်များ ဆုတ်ခွာရေးအတွက် ဖိအားပေးရာတွင် ၎င်း၏ သြဇာကို အသုံးပြုရန် မတ်လ ၂ ရက်နေ့တွင် တောင်းဆိုလိုက်သည်။

“တရုတ်ကို ကျွန်တော် ပြောချင်တာက ရှင်းပါတယ်။  ရုရှားတပ်တွေ ဆုတ်ခွာဖို့ ခင်ဗျားရဲ့ သြဇာကို အသုံးပြုဖို့နဲ့ ရန်လိုသူ ရုရှားကို လက်နက်တွေ မပေးဖို့ပါ” ဟု အိုလက်ဖ်ရှော့ဇ်က  ဂျာမနီပါလီမန်သို့ ပြောကြားခဲ့သည်။

ရုရှား၏ ကျူးကျော်မှုကို ခုခံကာကွယ်ရန် ယူကရိန်းအား လူသားချင်းစာနာမှုနှင့် စစ်ရေးအကူအညီဖြင့် ဆက်လက်ပံ့ပိုးသွားမည်ဟုလည်း ဂျာမနီဝန်ကြီးချုပ်က ကတိပြုခဲ့သည်။

“ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးတာဟာ အင်အားပိုကြီးတဲ့ အိမ်နီးချင်းကို အညံ့ခံတာမဟုတ်ပါဘူး။  ယူကရိန်းက သူ့ကိုယ်သူ ခုခံကာကွယ်တာကို ရပ်လိုက်မယ်ဆိုရင် ဒါဟာ ငြိမ်းချမ်းရေး မဟုတ်ဘဲ ယူကရိန်းရဲ့ အဆုံးသတ်ခြင်းသာ ဖြစ်လိမ့်မယ်” ဟု ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးအတွက် ယူကရိန်းအနေဖြင့် ရုရှားနှင့် အပစ်အခတ်ရပ်စဲရေး စတင်ညှိနှိုင်းဆွေးနွေးရန် တောင်းဆိုနေသူများကို အိုလက်ဖ်ရှော့ဇ်က  ပြောကြားခဲ့သည်။

ဂျာမနီသည် နေတိုးတပ်ဖွဲ့၏ ကာကွယ်ရေးအသုံးစရိတ်အတွက် ၂ ရာခိုင်နှုန်း ထပ်တိုးဖြည့်ဆည်းပေးရန် လုပ်ဆောင်နေကြောင်း အိုလက်ဖ်ရှော့ဇ်က ပြောကြားခဲ့သည်။
“ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီ ၂၇ ရက်မှာ ကျွန်တော် ချမှတ်ခဲ့တဲ့ ကတိအတိုင်းပါပဲ။ အစိုးရက ဒီရည်မှန်းချက်တွေ ပြည့်မီဖို့ ကာကွယ်ရေးဘတ်ဂျက်တစ်ခုလုံးကို တိုးမြှင့်သွားမှာပါ” ဟု အိုလက်ဖ်ရှော့ဇ်က  ဆိုသည်။ 

ရုရှားက ယူကရိန်းသို့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်တွင် ကျူးကျော်မှု စတင်ခဲ့ပြီးနောက် ၃ ရက်အကြာ၌ အိုလက်ဖ်ရှော့ဇ်က ထိုသို့ပြောကြားခဲ့ကာ  ယူကရိန်းသို့ လက်နက်များ တင်ပို့မှုနှင့် ဂျာမနီ၏ စစ်ရေးအသုံးစရိတ်မြှင့်တင်မှုများ စတင်လုပ်ဆောင်လာခဲ့သည်။

အိုလက်ဖ်ရှော့ဇ်က ထိုသို့ပြောဆိုခဲ့ပြီးနောက်ပိုင်း ဂျာမနီသည် ယူကရိန်းသို့ လက်နက်တင်သွင်းသည့် ထိပ်တန်း နိုင်ငံထဲများအနက် တစ်နိုင်ငံဖြစ်လာခဲ့သည်။ ဝန်ကြီးချုပ် ကြေညာထားသော စစ်ဘက်ဆိုင်ရာ ရန်ပုံငွေ ယူရို ၁၀၀ ဘီလီယံ (ဒေါ်လာ ၁၀၆ ဘီလီယံ) ကို ၂၀၂၂ ခုနှစ် ဇွန်လတွင် အဓိကအတိုက်အခံ အစုအဖွဲ့ အပါအဝင် ဥပဒေပြု အမတ်များက အခိုင်အမာ ထောက်ခံအားပေးခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly