ရွှေဘိုမြို့နယ်တွင်မိုင်းဆွဲခံရ၍ ပျူစောထီးဆိုသူသေဆုံးပြီး တပ်ကြပ်ပြင်းထန်ဒဏ်ရာရ

By ပါခွီး (မဇ္စျိမ)
06 March 2023
ရွှေဘိုမြို့နယ်တွင်မိုင်းဆွဲခံရ၍ ပျူစောထီးဆိုသူသေဆုံးပြီး တပ်ကြပ်ပြင်းထန်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် စစ်ကောင်စီတပ်မှ စခန်းချထားသော ဇီးဖြူကုန်းရွာသို့ ဆိုင်ကယ်ဖြင့်ပြန်လာသူနှစ်ဦးအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ပျူစောထီးဆိုသူသေဆုံးပြီး တပ်ကြပ်တစ်ဦး ခြေထောက်ပြတ်တောက်ဒဏ်ရာရရှိသွားကြောင်း မဟူရာ ရွှေဘိုသားတပ်ဖွဲ့မှ ထုတ်ပြန်သည်။

“ အဝေးထိန်းနဲ့ မြင်သာတဲ့နေရာကနေလှမ်းဆွဲခဲ့တာပါ။ ဒီကောင်တွေသွားလာတာနဲ့ အခြေအနေတွေကို ဖရဲသီး (စစ်ကောင်စီတပ်သတင်းပေး) ဆီကရပြီး လုပ်ဆောင် ခဲ့တာပါ” ဟု မဟူရာ ရွှေဘိုသားအဖွဲ့တာဝန်ရှိသူတစ်ဦးကပြောသည်။

မတ်လ ၅ ရက်၊ နေ့လည် ၁၂ နာရီခန့်တွင် စစ်ကောင်စီတပ်မှ တပ်ကြပ် ငစိုးဆိုသူနှင့် တည်သီးတောရွာသား ပျူစောထီးအဖွဲ့ဝင် ဝေဠု တို့နှစ်ဦး Czi ဆိုင်ကယ်ဖြင့်ပြန်လာချိန် ဂျိုးမြေဇင်းနှင့် မြို့လှရွာအကြားတွင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်းဆိုသည်။

ပြည်သူ့ကာကွယ်ရေးတပ်များဘက်မှ အဝေးပစ်လက်နက်ကြီးများဖြင့် တိုက်ခိုက်သည့် အချိန်တိုင်းတွင် စစ်ကောင်စီတပ်သားများမှ တည်သီးတောစစ်စခန်းသို့ လက်နက်ကြီးသွား ယူလေ့ရှိသဖြင့် ၎င်းတို့သွားရာလမ်းတွင် မိုင်းကြိုထောင်ထားခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

ပျူစောထီး ဝေဠုဆိုသူသည် စစ်ကောင်စီကပြုလုပ်သော စစ်သင်တန်းများဆင်းထားပြီး အနီးနားရွာများသို့ လမ်းပြကာ မီးရှို့ရာတွင် ပါဝင်ကူညီနေသူဖြစ်ကြောင်း မဟူရာ ရွှေဘိုသားအဖွဲ့ တာဝန်ရှိသူကဆိုသည်။

ယင်းသို့တိုက်ခိုက်ခံရတိုင်း စစ်ကောင်စီတပ်များသည် စက်လတ်များ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်လေ့ရှိသဖြင့် ထိခိုက် သေဆုံးသူအနီးနားသို့သွားရောက်၍ လက်နက်များကောက်နိုင်ခြင်းမရှိခဲ့ကြောင်း ၎င်းကဆိုသည်။ 

ရွှေဘိုမြို့နယ်တွင် စစ်ကောင်စီတပ်မှ စခန်းချထားသော ဇီးဖြူကုန်းရွာသည် ပျူစောထီးရွာကြီး ဖြစ်ပြီး အနီးအနားဝန်းကျင်ရှိရွာများမှပျူစောထီးများကို စစ်သင်တန်းလေ့ကျင့်ပေးနေသည့် ရွာ ဖြစ်ကြောင်းလည်းသိရသည်။

အဆိုပါတိုက်ခိုက်မှုကို မဟူရာ ရွှေဘိုသား (LPDF) အဖွဲ့နှင့်အတူ ဗိုလ်ကျားရိုင်း - ရွှေဘို (LPDF) ၊ ဗိုလ်ဂျပန်ကြီး - ရွှေဘို (LPDF) ၊ မတစ်ထောင် (တစ်ကောင်ဘွား) ဒီပဲယင်းအဖွဲ့နှင့် ရွှေဘိုမြို့နယ် တိုက်နယ် - (၂) မဟာမိတ်အင်အားစု များ စုပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

စာတည်း ။ ။ Alden

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required