တရုတ်က ကမ္ဘာ့အကြီးဆုံးစီးပွားရေးအင်အားကြီးနိုင်ငံဖြစ်ဖို့ အမေရိကန်ကို ကျော်လွန်နိုင်ပါ့မလား 

တရုတ်က ကမ္ဘာ့အကြီးဆုံးစီးပွားရေးအင်အားကြီးနိုင်ငံဖြစ်ဖို့ အမေရိကန်ကို ကျော်လွန်နိုင်ပါ့မလား 

အမေရိကန်က တရုတ်သို့ အရေးပါသောတစ်ပိုင်းလျှပ်ကူးပစ္စည်းအစိတ်အပိုင်းများနှင့် နည်းပညာများ တင်ပို့မှုကို ကန့်သတ်လိုက်သဖြင့် ကမ္ဘာ့အကြီးဆုံးစီးပွားရေးအင်အားကြီးနိုင်ငံဖြစ်ရေးအတွက် အမေရိကန်ကို ဖြုတ်ချမည့် တရုတ်၏ ကြိုးပမ်းမှုများသည် မကြုံစဖူး ဖိအားများနှင့် ရင်ဆိုင်နေရသည်။

တရုတ်သည် ကမ္ဘာတွင် စက်မှုကုန်ထုတ်စွမ်းအားအကောင်းဆုံးနိုင်ငံဖြစ်သော်လည်း အဓိကနည်းပညာများတွင် အားနည်းချက်ရှိနေခြင်းကြောင့် အမေရိကန်က နည်းပညာထိန်းချုပ်မှုမဟာဗျူဟာဖြင့် တရုတ်ကို အသာစီးယူနေကြောင်း The Star က ဖော်ပြခဲ့သည်။

ကားများမှ စမတ်ဖုန်းများအထိ အရာအားလုံးတွင် အရေးပါသည့် ထူးကဲရှုပ်ထွေးလှသော ချစ်ပ်များကို မထုတ်လုပ်နိုင်ပါက အမေရိကန်ကို ကျော်လွန်ပြီး ကမ္ဘာ့နံပါတ် ၁ စီးပွားရေးနိုင်ငံဖြစ်လာရေးနှင့် တရုတ်နိုင်ငံကို ပြိုင်ဘက်ကင်းသော ကမ္ဘာ့ဒစ်ဂျစ်တယ်အင်အားကြီးနိုင်ငံအဖြစ်သို့ ပြောင်းလဲရေးဟူသော  သမ္မတရှီကျင့်ဖျင်၏ မျှော်လင့်ချက်များ ပျက်ပြားသွားနိုင်သည်။ 

"ချစ်ပ်ပြားများသည် ခေတ်သစ်စီးပွားရေး၏ အခြေခံအုတ်မြစ်ဖြစ်သည်" ဟု တိုရွန်တိုတက္ကသိုလ်မှ စီးပွားရေး ပထဝီဝင်ဆိုင်ရာ တွဲဖက်ပါမောက္ခ ဂျန်ကျန်းက ပြောကြားခဲ့သည်။

တရုတ်သည် အမေရိကန်၏ မကြုံစဖူး ဖိအားများနှင့် ရင်ဆိုင်နေရပြီး ယင်း၏ နိုင်ငံတကာယှဉ်ပြိုင်နိုင်စွမ်းမှာ အမေရိကန်၏ကန့်သတ်ထိန်းချုပ်မှု အတိုင်းအတာပေါ် မူတည်နေကြောင်း ကျန်းက ပြောကြားခဲ့သည်။
စီးပွားရေးအင်အားကြီး နိုင်ငံနှစ်ခုကြား ကွာဟချက်သည် ၂၀၂၂ ခုနှစ်တွင် ပိုမိုကြီးမားလာခဲ့ကြောင်း The Star သတင်းတွင် ဖော်ပြထားသည်။

"ဒီပိတ်ဆို့အရေးယူမှုတွေက တရုတ်ရဲ့ တစ်ပိုင်းလျှပ်ကူးပစ္စည်းတိုးတက်မှုကို အဟန့်အတားဖြစ်စေပါလိမ့်မယ်" ဟု Gavekal Dragonomics သုတေသနကုမ္ပဏီမှ လေ့လာသုံးသပ်သူ ဒန်ဝမ်က ပြောကြားခဲ့သည်။

သမ္မတဘိုင်ဒင်သည် အမေရိကန်တစ်ပိုင်းလျှပ်ကူးပစ္စည်း ဖွံ့ဖြိုးတိုးတက်မှု အားကောင်းလာစေရေးအတွက် ထောက်ပံ့ငွေ ဒေါ်လာ ၅၂ ဒသမ ၇ ဘီလီယံ မတည်ကာ ပါတီနှစ်ရပ်လုံးက ထောက်ခံသည့် ၂၀၂၂ ခုနှစ် ချစ်ပ်နှင့်သိပ္ပံအက်ဥပဒေကို ယမန်နှစ် ဩဂုတ်လတွင် လက်မှတ်ရေးထိုးခဲ့သည်။

စီးပွားရေးဆိုင်ရာ ထည့်သွင်းစဉ်းစားမှုများထက် နိုင်ငံရေး စေ့ဆော်မှုများကြောင့် တစ်ပိုင်းလျှပ်ကူးပစ္စည်း ထိပ်တန်းနိုင်ငံဖြစ်ရေး ပြိုင်ဆိုင်မှုသည် စက်မှုဖွံ့ဖြိုးတိုးတက်မှုကို လမ်းကြောင်းလွဲစေရုံသာမက အမေရိကန်၊ တရုတ်နှင့် ဥရောပသမဂ္ဂတို့၏ စီးပွားရေးတိုးတက်မှုကို ပြန်လည်ပုံဖော်ရန် ခြိမ်းခြောက်နေကြောင်း The Star က ဖော်ပြသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly