တနင်္သာရီတွင် စစ်ကောင်စီက အပြစ်မဲ့ပြည်သူများကို မတရား ဖမ်းဆီးဟု HURFOM ပြော

တနင်္သာရီတွင် စစ်ကောင်စီက အပြစ်မဲ့ပြည်သူများကို မတရား ဖမ်းဆီးဟု HURFOM ပြော

အာဏာသိမ်းစစ်ကောင်စီသည် တနင်္သာရီမြို့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDFs) သို့မဟုတ် နွေဦးတော်လှန်ရေးနှင့် ဆက်နွယ်မှုမရှိသည့် အပြစ်မဲ့ပြည်သူ ၁၇ ဦးကို မတရား ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း အစိုးရမဟုတ်သော အဖွဲ့အစည်း(NGO) တစ်ခုဖြစ်သည့် မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM) က ပြောသည်။
၎င်းတို့သည် ခရီးသွားလာစဉ်၊ ညသန်းခေါင် စီးနင်းမှုများအတွင်း နှင့် လုံခြုံရေးစစ်ဆေးရေးဂိတ်များ၌ ဖမ်းဆီးခံကြရခြင်းဖြစ်သည်။
စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ရဲများက ၂၀၂၃ ဖေဖေါ်ဝါရီ ၂၈ ရက်တွင် တနင်္သာရီမြို့ရှိ ချောင်းကြီး၊ ချောင်းငယ်နှင့် လေးတောင်ဝါး ရပ်ကွက်တို့ရှိ နေအိမ်များကို ဝင်ရောက်စီးနင်းချိန်တွင် နွေဦးတော်လှန်ရေးတွင် ပါဝင်ပတ်သက်ခြင်း မရှိသည့် အရပ်သား ၁၂ ဦး ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
“သူတို့တွေက အိမ်တွေကို တံခါးလိုက်ခေါက်ပြီး သူတို့ စာရင်းမှာ ပါတဲ့သူတွေကို ဆွဲခေါ်ထုတ်သွားတာပါပဲ။ ကျွန်တော့် ဝမ်းကွဲညီမတစ်ယောက် ဖြစ်တဲ့ အသက် ၃၄ နှစ်အရွယ် ဆိုင်ရှင်အမျိုးသမီးတစ်ယောက်ဆိုရင် သူ့အိမ်ကနေ အတင်းအကျပ် ခေါ်သွားတာကို ခံခဲ့ရတာပါ” ဟု ဖမ်းဆီးထိန်းသိမ်းခံသူများ၏ ဆွေမျိုးတစ်ဦးက ပြောသည်။
သိရသရွေ့ ထိုဒေသတွင် အခြားသူများလည်း မတရား ဖမ်းဆီးခံရမှုများ ရှိနေသည်။ HURFOM ၏ မြေပြင်ဝန်ထမ်းများက လက်ရှိတွင် စုံစမ်းမှုများ လုပ်ဆောင်လျက် ရှိသည်။

(ကိုလူအေး ဘာသာပြန်သည်)
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required