KIA တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်စခန်းကို မြန်မာ့တပ်မတော်သိမ်း

KIA တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်စခန်းကို မြန်မာ့တပ်မတော်သိမ်း

ချင်းမိုင်၊ မတ် ၁၈ ။                 ။ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှ အနောက်တောင်ဘက် ၁၀ မိုင်ကျော် အကွာအဝေးရှိ  KIA တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၁၁၏ ရှေ့တန်းစခန်းကို မတ် ၁၇ရက်နေ့တွင် မြန်မာ့တပ်မတော်က သိမ်းပိုက်လိုက်ကြောင်း သိရသည်။

“မနေ့က မြစ်ကြီးနားမြို့နားမှာ မနက်ပိုင်း နာရီဝက်လောက်ကြာဖြစ်တာပါ။ ကေအိုင်အေ တပ်ရင်း ၁၁ ရဲ့ နောင်ရာပါ ရှေ့တန်း စခန်းကို ဆုတ်ပေးလိုက်တယ်၊ နမ်ကျင်ကျေးရွာကနေ အစိုးရစစ်တပ်က ထိုးစစ်ဆင်လာတာ ထင်တယ်။ အသေး စိတ်တော့ မသိသေးဘူး”ဟု KIO ပြန်ကြားရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG) မှတဆင့် လက်ရှိ တိုက်ပွဲများ ဆက်လက် မဖြစ်ပွားစေရန်နှင့် အစိုးရ စစ်တပ်ဘက်မှ ဆုတ်ခွာပေးရန် ညှိနှိုင်း ပြောဆိုမှုများ ရှိသည်ဟု သူက ပြောသည်။

တိုက်ပွဲ စတင်ဖြစ်ပွားရခြင်းသည် မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်ရှိ ဒေါ်ဂျာတောင်မှ ပိုက်ဆံမပြန်ပေး၍ လူလေးဦးက မတ် ၁၆ရက်နေ့တွင် KIA တပ်ရင်း ၁၁ ကိုသွားတိုင်ကြားရာ KIA မှဆင့်ခေါ်စာပေး ခဲ့ကြောင်း၊ သို့ရာတွင် ယင်းအမျိုးသမီးက လာရောက် ဖြေရှင်းခြင်းမရှိသဖြင့် KIA ကလာရောက်ခေါ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့  (PCG) ဦးလမိုင်ဂွမ်ဂျာကပြောသည်။

KIA ၁၁ တပ်ဖွဲရှိရာသို့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်း ခလရ ၂၉ တပ်ဖွဲ့များ နယ်မြေရှင်းလင်းရေးဟု ဆိုကာ ထိုးစစ်ဆင်လာသဖြင့် တိုက်ပွဲ ဖြစ်ပွားခဲ့ရာမှ KIA နောင်ရာပါ စခန်းကို ဆုတ်ပေးလိုက်ရသည်ဟု ဦးလမိုင် ဂွမ်ဂျာက ပြောသည်။

“ဒေါ်ဂျာတောင်ဆိုတဲ့ အမျိုးသမီးက သူ့အိမ်ကို နေရာ ၃၊၄ နေရာ အပေါင်ခံပြီးတော့ ပိုက်ဆံလည်း ပြန်မပေးဘူး။ အဲဒီပြဿနာကို ဖြေရှင်းရအောင်လုပ်တော့ ပိုက်ဆံတောင်းရင်လည်း ပြန်မပေးဘူး။ ပိုက်ဆံ တောင်းတဲ့ လူတွေက အစိုးရ ရုံးကို တိုင်မယ် ဆိုရင်လည်း ရုံးချိန်းနဲ့ ရှေ့နေတွေ ငှားဆိုတော့ ရှုပ်တာနဲ့ နီးတဲ့ တပ်ရင်း ၁၁ ကို သွားတိုင်လိုက်တာ။ တပ်ရင်း ၁၁ က ဒီပြဿနာကို ဖြေရှင်းပေးဖို့ စာနဲ့ ခေါ်လည်းမလာဘူး။ လူလွတ်ခေါ်လည်း မလိုက်လာဘူး။ ကေအိုင်အေကို ဆန့်ကျင်သလို ဖြစ်လာလို့ ကေအိုင်အေက ဒေါ်ဂျာတောင်ကို သွားခေါ်လိုက်တာ”ဟု ပြောသည်။

ဒေါ်ဂျာတောင်အား KIA က ဖမ်းဆီးသွားသည်ကို ၎င်း၏ သမီး ဖြစ်သူက အစိုးရ ရဲစခန်းသို့ သွားရောက် တိုင်ကြား ခဲ့သဖြင့် အစိုးရဘက်မှ PCG ထံသို့ အစိုးရ ထိန်းချုပ်သည့် အုပ်ချုပ်ရေးနယ်မြေတွင် လာရောက် ခေါ်ဆောင်သွားခြင်းသည် ယုံကြည်မှု တည်ဆောက်ရန် ထိခိုက်သည်ဟုဆိုကာ အကြောင်းကြားခဲ့သဖြင့် PCG က KIO သို့ ပြန်လည် အကြောင်း ကြားခဲ့ရာမှ အထက်မှ ညွန်ကြားခြင်း မရှိသဖြင့် ခေါ်ယူခဲ့သော ဒေါ်ဂျာတောင်အား အမြန်ဆုံးလွတ်ပေးရန် ညွန်ကြားလိုက်ခြင်း ဖြစ်သည်ဟု သူက ပြောသည်။

“မနေ့က မနက် ၁၀ နာရီမှာရောက်တာနဲ့ ဒေါ်ဂျာတောင်ကို ပြန်လွှတ်ပေးလိုက်တာကို စစ်တပ်ကိုရော အစိုးရဘက်ကိုရော အကြောင်းကြားလိုက်တယ်။ အစိုးရစစ်တပ်ကတော့ သူတို့ကို အဲဒီလို လာလုပ်ပါတယ်ဆိုပြီး အကြောင်းပြပြီးတော့ တပ်ရင်း ၁၁ ဘက် စစ်ကြောင်းထိုးပြီးတော့ နယ်မြေရှင်းလင်းရေး လုပ် လာတာ။ ဒါကြောင့် နောင်ရာပါကို လာတိုက်လို့ ဆုတ်ပေးလိုက်ရတယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

မတ် ၁၇ ရက် နံနက် ၁၀ နာရီတွင် နေအိမ်သို့ ပြန်လည် ပို့ဆောင်ပေးလိုက်ပြီ ဖြစ်ပြီး လက်ရှိ PCG ဘက်က စစ်ရေးဖြင့် မဖြေရှင်းဘဲ ဆွေးနွေးမှုဖြင့် ဖြေရှင်းရန် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)သို့ တင်ပြထားသည်ဟု ဦးလမိုင်ဂွမ်ဂျာက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ဒုတိယပတ်က ကချင်ပြည်နယ် မိုးညှင်းမြို့နယ် KIA တပ်မဟာ ၈ တပ်ဖွဲ့ နှင့် အစိုးရ စစ်တပ်တို့ အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ကချင်ပြည်နယ်တွင် ယခု တိုက်ပွဲ ထပ်မံ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ သို့သော် ရှမ်းပြည်နယ် မြောက်ပိုင်းKIA တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်းများနှင့်မူ နေ့စဉ် ဆိုသလို တိုက်ပွဲငယ်များ ဖြစ်ပွားနေဆဲ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly