ကန့်ဘလူခရိုင်က ကျေးရွာ ၂ ရွာကို စစ်ကောင်စီတပ်က မီးတင်ရှိူ့

By MTO (မဇ္ဈိမ)
04 March 2023
ကန့်ဘလူခရိုင်က ကျေးရွာ ၂ ရွာကို စစ်ကောင်စီတပ်က မီးတင်ရှိူ့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင် ကိုးထောင်ဘို့ တိုက်နယ်ရှိ အောက်တဲကျေးရွာနှင့် ပင့်သာတိုက်နယ် အတွင်းရှိ ပင့်သာ (တည်ပင်) ရွာ  နှစ်ရွာကို ယနေ့ မတ်လ ၄ ရက်နေ့ နံနက်ပိုင်းတွင်စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်လာပြီး လူနေအိမ်များကို မီးရှို့ဖျက်ဆီးသွားသည်။

အောက်တဲကျေးရွာသည် သုံးကြိမ်မြောက် မီးရှို့ဖျက်ဆီးခံရခြင်းဖြစ်ပြီး ပင့်သာကျေးရွာသည် လေးကြိမ်မြောက် မီးတင်ရှို့ ခံရခြင်း ဖြစ်သည်။

“စစ်ကြောင်း နှစ်ခု၊ ပျက်စီးဆုံးရှုံးမှု အခြေအနေတွေ့ကတော့ မသိရသေးဘူးဗျ၊ အောက်တဲရွာက စစ်ကြောင်းက တော့ ပြန်ထွက်သွားပြီ ၊ ဒါပေမယ့် ချက်ချင်းဝင်ကြည့်လို့ မရဘူး၊ ကင်းပုန်းကျန်ခဲ့ရင် ပစ်သတ်ခံရတာမျိုး ရှိတတ်သလို စစ်ကြောင်းပြန်လှည့်လာမှာလည်း ပူရတယ်၊ စစ်ကြောင်းအဝေး ရောက် သွားတော့မှ ပြန်ကြည့်ရတာပါ။ ပင့်သာမှာတော့ စစ်ကြောင်းက မထွက်သေးဘူးလို့ ကြားတယ်” ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က တာဝန်ရှိသူ တစ်ဦးက ပြောသည်။
 
အောက်တဲကျေးရွာကို ဝင်ရောက်မီးရှို့သည့် စစ်ကောင်စီစစ်ကြောင်းသည် ကိုးထောင်ဘို့ အထိုင် ခလရ (၁၃၇) တပ်မှ ဖြစ်ပြီး ဝက်သအင်းရွာမှ တစ်ဆင့် အောက်တဲရွာကို ဝင်ရောက်ပြီးနောက် ရွာကိုမီးရှို့  ဖျက်ဆီးလိုက်ခြင်း ဖြစ်သည်။

ထိုအောက်တဲကျေးရွာသည် ပြီးခဲသည့် ၂၀၂၂ ခုနှစ် ဇွန်လ နှင့် အောက်တိုဘာလတို့တွင်လည်း စစ်ကောင်စီတပ်များ၏ မီးရှို့ဖျက်ဆီးခံရမှုကို ခံခဲ့ရပြီး လူနေအိမ် ၄၀ ခန့် မီးလောင်ပျက်စီးသွားကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားများအဖွဲ့ က ဆိုသည်။

အလားတူ ပင့်သာ(တည်ပင်) ရွာကို ဝင်ရောက်မီးရှို့သည့် စစ်ကောင်စီစစ်ကြောင်းသည် ပျူစောထီးများနှင့် ပူးပေါင်းထားသော အင်အား ၁၅၀ ခန့်သည် စစ်ကြောင်းဖြစ်ပြီး ကျွန်းလှမြို့ပေါ်မှ တစ်ဆင့် ပင့်သာ ရွာသို့ ယနေ့ မတ်လ ၄ ရက်နေ့ တွင် ဝင်ရောက်ခဲ့ပြီးနောက် မီးရှို့ဖျက်ဆီး ခံရခြင်းဖြစ်သည်။

ပင့်သာကျေးရွာသည် ယခင်ကလည်း စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် လူနေအိမ် ၁၀၀ နီးပါး မီးလောင်ကျွမ်းထားသော ကျေးရွာဖြစ်ကြောင်း သိရသည်။

ထိုကျေးရွာ နှစ်ရွာကို စစ်ကောင်စီတပ်က ယနေ့ မတ်လ ၄ ရက်နေ့ ဝင်ရောက်မီးတင်ရှို့မှု ဖြစ်စဉ်အတွင်း မီးလောင်ကျွမ်းသွားသည့် နေအိမ်အရေ အတွက်ကို မဇ္ဈိမက စုံစမ်းနေဆဲ ဖြစ်သည်။

စစ်ကောင်စီတပ်များ၏ စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးမှုများကြောင့် ကန့်လလူ ခရိုင်အတွင်းရှိ တိုက်နယ်များဖြစ်သော ကိုးထောင်ဘို့ ၊ပင့်သာ၊ ချပ်သင်း စသည့် တိုက်နယ် သုံးခုတွင် စစ်ဘေး ဒုက္ခသည် ၃,၀၀၀၀ ဝန်းကျင် ရှိနေပြီဖြစ်ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ က ပြုစုထားသည့် စာရင်းများအရ သိသည်။

စစ်အုပ်ချုပ်ရေး ကြေညာထားသော စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီတပ်၏ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ ထပ်ပံပေါ်ပေါက်နေပြီး ယခုမတ်လ ၁ ရက်နေ့တွင် စစ်ကိုင်းမြို့နယ်၊ တာတိုင်ကျေးရွာက အရပ်သား ၁၇ ဦးကို စစ်တပ်က အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည်။

စာတည်း။   ။ နောင်နောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required