တရုတ်၏ ကနဦးအဆင့်တိုက်ခိုက်မှုများကို တွန်းလှန်နိုင်ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီး  ပြောကြား 

By Straits Times
03 March 2023
တရုတ်၏ ကနဦးအဆင့်တိုက်ခိုက်မှုများကို တွန်းလှန်နိုင်ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီး  ပြောကြား 

ထိုင်ဝမ်တပ်ဖွဲ့များသည် ကောင်းမွန်စွာပြင်ဆင်ထားပါက တရုတ်၏ ကနဦးတိုက်ခိုက်မှုကို တွန်းလှန်နိုင်မည် ဖြစ်ကြောင်း ထိုင်ဝမ်စစ်တပ်အကြီးအကဲက Common Wealth မဂ္ဂဇင်းနှင့် လူတွေ့မေးမြန်းခန်းတွင် ပြောကြားလိုက်သည်။

"တရုတ်က စစ်ပွဲကို စတင်ဖို့ သေချာပေါက် အားကောင်းပေမယ့် ထိုင်ဝမ်ကို ၁ ပတ်၊ ၂ ပတ်အတွင်း သိမ်းပိုက် နိုင်လောက်အောင် အင်အားမကြီးပါဘူး" ဟု ကာကွယ်ရေးဝန်ကြီး ချူကောင်ချန်းက ပြောကြားခဲ့သည်။

ထိုင်ဝမ်သည် လိုအပ်သော အထောက်အပံ့များ ရှိနေသရွေ့ တရုတ်စစ်တပ် (PLA) က ချမှတ်ထားသည့် ပိတ် ဆို့တားဆီးမှုမှန်သမျှကို ဖြတ်ကျော်နိုင်မည်ဖြစ်ကြောင်း ချူက ဆိုသည်။

“ပိတ်ဆို့တားဆီးမှုကို ဖြတ်ကျော်ဖို့ နည်းလမ်းများစွာ ရှိပြီး အင်တာနက်နဲ့ အခြား ဆက်သွယ်မှုပုံစံတွေကို အသုံးပြုနိုင်ပါတယ်” ဟု ၎င်းက ဆိုသည်။

တရုတ်စစ်တပ်ကို ၂ ပတ်ခန့် တောင့်ခံထားနိုင်ရေးမှာ ထိုင်ဝမ်စစ်တပ်၏ အဓိကပန်းတိုင်ဖြစ်ပြီး ထိုအချိန်တွင်  အမေရိကန်နှင့် အခြားမဟာမိတ်များက စစ်ကူရန်  ထိုင်ဝမ်သို့ရောက်လာလိမ့်မည်ဖြစ်သည်။

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီ၏  ထိုင်ဝမ်ခရီးစဉ်အပြီး တရုတ်၏ မကြုံစဖူး စစ်ရေးလေ့ကျင့်မှုတွင် အဓိကမြို့ကြီးများနှင့် ထိုင်ဝမ်၏ အရှေ့ဘက်နှင့် အနောက်ဘက် နှစ်ဖက်စလုံးကို ဝိုင်းရံထားသည့် စစ်ရေးလေ့ကျင့်မှုပါဝင်နေခြင်းကြောင့် ပြင်ပအကူအညီကို ဖြတ်တောက်ဖွယ်ရှိသည်။

ရုရှား၏ ယူကရိန်းကျူးကျော်စစ်ပွဲကြောင့်  တရုတ်က ထိုင်ဝမ်ကို ကျူးကျော်ရန် အတင့်ရဲလာလိမ့်မည်ဟူသာ စိုးရိမ်မှုများလည်း မြင့်တက်ခဲ့သည်။ 

တရုတ်နိုင်ငံခြားရေးဝန်ကြီးကျင်ဂန်းက ယင်းကဲ့သို့ နှိုင်းယှဉ်ပြောဆိုခြင်းများကို ရပ်တန့်ရန် ဖေဖော်ဝါရီလ ၂၁ ရက်က တိုက်တွန်းခဲ့သည်။

ထိုင်ဝမ်ကို တရုတ်ကျူးကျော်လာနိုင်ခြေရှိသည့် အချိန်နှင့်ပတ်သက်ပြီး လူထုသတိပေးချက်များအပေါ်လည်း တရုတ်ကျွမ်းကျင်သူတချို့က မေးခွန်းထုတ်ခဲ့ကြသည်။

ကျွန်းကျင်ပညာရှင်များက ၂၀၂၇ ခုနှစ်သည် ထိုင်ဝမ်ကို သိမ်းပိုက်မည့်နှစ်ဆိုသည်ထက် တရုတ်က စစ်တပ် ခေတ်မီရေး ရည်မှန်းချက်များ အပြီးသတ်အကောင်အထည်ဖော်ရန် ချမှတ်ထားသည့် နှစ်ဖြစ်ကြောင်း ပြောသည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly