တူမီးထီ အပတ်စဉ်(၁၀)မှ ရရှိလာသော ရန်ပုံငွေများကို CDF – Mindat သို့ လွှဲပြောင်းပေးအပ်

By ပါခွီး
03 March 2023
တူမီးထီ အပတ်စဉ်(၁၀)မှ ရရှိလာသော ရန်ပုံငွေများကို CDF – Mindat သို့ လွှဲပြောင်းပေးအပ်

မဇ္စျိမ ။။ ချင်းပြည်နယ် တော်လှန်ရေးအတွက် ဘဏ္ဍာငွေအားဖြည့်နိုင်ရန်အတွက် ဖွင့်လှစ်လျက်ရှိသည့် တူမီးထီ အပတ်စဉ် (၁၀) မှ ရရှိလာသော ရန်ပုံငွေများကို ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) CDF – Mindat သို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

အပတ်စဉ် (၁၀) တွင် CDF – Mindat တပ်ဖွဲ့အတွက် အမေရိကန်ဒေါ်လာ ၁,၁၈၅ ရရှိခဲ့ပြီး သီးခြား တူမီးထီမှတစ်ဆင့် ကျပ် ၄၀၀,၀၀၀ လှူဒါန်းငွေလက်ခံရရှိသဖြင့် စုစုပေါင်း ကျပ် ၃,၄၀၀,၀၀၀ (သုံးဆယ့်လေးသိန်း) ပေးအပ်ခဲ့ကြောင်း တူမီးထီမှ ဖော်ပြထားသည်။

တူမီးထီမှ ရရှိလာသော ဘဏ္ဍာငွေများသည် ချင်းတော်လှန်ရေး အင်အားစုအသီးသီးထံသို့ အုတ်တစ်ချပ် သဲတစ်ပွင့်အဖြင့် ပါဝင်နေခြင်းဖြစ်ပြီး ယင်းအစီအစဉ်တွင် ပါဝင် အားဖြည့်ခြင်းဖြင့် တော်လှန်ရေးတွင် ပါဝင်နေကြသည့် အားလုံးကို ကျေးဇူးတင်ကြောင်း ဆိုသည်။

အပတ်စဉ် (၁၁) အတွက် ထီလက်မှတ်များ ရောင်းချလျက်ရှိနေပြီး Website (သို့မဟုတ်) Phone Application မှတစ်ဆင့် လက်မှတ်တစ်စောင်လျှင် အမေရိကန် ငါးဒေါ်လာဖြင့် ကံစမ်းနိုင်ကြပြီး မတ်လ၃၁ ရက်နေ့တွင် ထီဖွင့်မည်ဖြစ်ကြောင်းထုတ် ပြန်ထားသည်။

အပတ်စဉ် (၁၀) တွင် ကံထူးရှင်မရှိသည့်အတွက် ဆုကြေးငွေများကို အမှတ်စဉ် (၁၁) တွင်ပေါင်း၍ အမေရိကန်ဒေါ်လာ ၅၅၀ ဖြင့် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

တူမီးထီ အပတ်စဉ်(၁၁) မှ ရရှိလာသော ရန်ပုံငွေများကို ချင်းကာကွယ်ရေးတပ်ဖွဲ့ (ထန်တလန်) CDF – Thantlang သို့ ပေးအပ်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

တူမီးထီသည် ၂၀၂၁ခုနှစ်တွင် စတင်သည့် မြန်မာ့နွေဦးတော်လှန်ရေးအတွက် လိုအပ်သည့် တော်လှန်ရေးရန်ပုံငွေရှာဖွေရန် ဖွဲ့စည်းထားသော ချင်းရန်ပုံငွေအဖွဲ့ (Chin Relief Funding Program - CRFP ) မှ ရောင်းချနေသော ချင်းဒီဂျစ်တယ်ထီ ဖြစ်သည်။

ဖက်ဒရယ်ဘဏ္ဍာရေးစနစ်ကိုဖော်ဆောင်စဉ် တော်လှန်ရေးအတွက်အားဖြည့်နိုင်မည့် အစီအစဉ်တစ်ရပ် ဖြစ်ပြီး ချင်းပြည်အစိုးရအသစ် ပေါ်ပေါက်လာပါက (Federal Lottery) အဖြစ် ချင်းဖက်ဒရယ်အစိုးရထံသို့ တရားဝင်အပ်နှံသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly