စစ်ကိုင်းတိုင်းတွင် ဖေဖော်ဝါရီလ တစ်လအတွင်း နေအိမ်အလုံးပေါင်း ၆,၆၀၀ ကျော်နှင့် စာသင်ကျောင်း ၁၀ ကျောင်း မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ မီးသတ်ဦးစီးဌာနက မတ်လ ၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ချင်းပြည်နယ်နှင့် ပဲခူးတိုင်းတို့တွင် မီးရှို့ခံရမှု ၉၃ ကြိမ်ဖြစ်ပွားခဲ့ပြီး နေအိမ်အလုံးပေါင်း ၇,၁၀၀ ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း မီးသတ်ဦးစီးဌာနက ဖော်ပြသည်။
အဆိုပါ မီးရှို့ဖျက်ဆီးမှုများကို စစ်ကောင်စီက ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း NUG ၊ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ပြောဆိုသည်။
မီးရှို့ဖျက်ဆီးမှုများကြောင့် တိုင်းနှင့် ပြည်နယ် ခြောက်ခုရှိ ဘာသာရေးအဆောက်အဦ ခုနစ်ခု မီးလောင်ပျက်စီးခဲ့ပြီး စစ်ကိုင်းတိုင်းရှိ ဆေးရုံနှစ်ရုံနှင့် ကျေးလက်ဆေးပေးခန်းများလည်း ပျက်စီးခဲ့ရကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့အပြင် စစ်ကိုင်းတိုင်းတွင် မီးရှို့သတ်ဖြတ်ခံရသူ ၁၉ ဦး၊ မကွေးတိုင်းတွင် တစ်ဦးနှင့် ပဲခူးတိုင်းတွင် တစ်ဦး စုစုပေါင်း မီးရှို့သတ်ဖြတ်ခံရသူ ၂၁ ဦးရှိခဲ့ကြောင်း ဆိုထားသည်။
နေအိမ်များ မီးလောင်ပျက်စီးမှုမှာ စစ်ကိုင်းတိုင်းတွင် အများဆုံးဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးရှို့ခံရသည့် အကြိမ်အရေအတွက် ၇၃ ကြိမ်ရှိခဲ့ကြောင်း NUG ၏ ထုတ်ပြန်ချက်အရ သိရသည်။
စစ်ကိုင်းတိုင်းထဲရှိ မီးဘေးသင့် ပြည်သူများအတွက် ပြည်လည်ထူထောင်ရေး ဆောင်ရွက်ရန် အဆောက်အဦ၊ အမိုးအကာလိုအပ်ချက်နှင့် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်များ ရှိနေကြောင်း ယင်းမာပင်၊ ဆားလင်းကြီး ရွာပေါင်းစုံသပိတ် ဦးဆောင်ကော်မတီဝင် ကိုသက်ဦးကပြောသည်။
“အခုဆိုရင် ကျွန်တော်တို့ မီးဘေးသင့်ပြည်သူတွေဆီ အခုကို ရောက်နေတယ်။ ရောက်နေတဲ့အခါမှာ သူတို့တွေ အိမ်တွေဆီပြန်မကပ်နိုင်သေးဘူး။ အိမ်တွေမရှိတော့ဘူး။ နောက်တစ်ခုက ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုအပ်တယ်။ အဲ့တာကြောင့် ကျွန်တော်တို့ နိုင်သလောက်ပေါ့။ CDM ဝင်ထားတဲ့ ဆရာမတွေနဲ့ အလှူရှင်တွေနဲ့ ပူးပေါင်းပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုက်လုပ်နေတယ်။ အခက်အခဲတွေတော့ အများကြီးပေါ့ ”ဟု ကိုသက်ဦးက ပြောသည်။
ယနေ့ မတ်လ ၃ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်စစ်ကြောင်းက စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် မြောက်ဘက်တည့်တည့်ကို ထွက်လာသည့်အတွက် အဆိုပါ စစ်ကောင်စီတပ် စစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံ ရှစ်ထောင်ဝန်းကျင် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ၎င်းက ပြောသည်။
မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်ခွာရသူပေါင်း ၁ ဒသမ ၅ သန်းကျော်ရှိလာပြီဖြစ်ပြီး ထိုအထဲမှ ၁ ဒသမ ၂ သန်းသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း နေရပ်စွန့်ခွာရသူများဖြစ်ကြောင်း UN OCHA Myanmar က ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက ထုတ်ပြန်ထားသည်။
ထို့အပြင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မေလမှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလကုန်အထိ စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့အစည်းများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားပြည်သူ နေအိမ်ပေါင်း ၅၅,၀၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ပြီး စစ်ကိုင်းတိုင်းတွင် ၄၃,၀၀၀ ကျော် ပျက်စီးခဲ့ကြောင်း Data for Myanmar ၏ အချက်အလက်များအရ သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)