ပါကစ္စတန်တွင် အကြမ်းဖက်တိုက်ခိုက်မှုများ မြင့်တက်လာပြီးနောက် အာဖဂန်များအား နယ်စပ်ဖြတ်သန်းမှုပိတ်ပင်

By ANI
03 March 2023
ပါကစ္စတန်တွင် အကြမ်းဖက်တိုက်ခိုက်မှုများ မြင့်တက်လာပြီးနောက် အာဖဂန်များအား နယ်စပ်ဖြတ်သန်းမှုပိတ်ပင်

ပါကစ္စတန်သည် တော်ခမ်းနယ်စပ်မှတစ်ဆင့် ပါ့ရှ်ဝါမြို့သို့ လာသည့် အာဖဂန်များကို ကန့်သတ်ရန် တစ်ဖက်သတ်ဆုံးဖြတ်ချက် ချခဲ့ကြောင်းနှင့် ၂၀၂၃ ခုနှစ် ပထမ ၂ လအတွင်း ပါကစ္စတန်၌ အကြမ်းဖက်မှုကြီး ၂ ခု ဖြစ်ပွားခဲ့ကာ လူပေါင်း ၁၀၀ ကျော် အသက်ဆုံးရှုံးခဲ့ပြီးနောက် ယခု ဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း Afghan Diaspora Network သတင်းတွင် ဖော်ပြထားသည်။

အဆိုပါ တိုက်ခိုက်မှု ၂ ခုသည် ပါကစ္စတန်လုံခြုံရေး အဖွဲ့အစည်းများကို ပစ်မှတ်ထားခြင်းဖြစ်ပြီး တရားမဝင်ကြောင်း ကြေညာခံထားရသည့် အကြမ်းဖက်အဖွဲ့ တီရစ်-အီ-တာလီဘန်ပါကစ္စတန်(TTP) နှင့် ဆက်စပ်မှု ရှိနေသည်။ 

ပါကစ္စတန်နိုင်ငံအတွင်း TTP အဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မှုများ မြင့်တက်လာပြီးနောက်ပိုင်း အာဖဂန်နစ္စတန်နှင့် နယ်စပ်များတွင် လုံခြုံရေးအစီအမံများ တင်းကျပ်ထားသည်။ ပါကစ္စတန်နိုင်ငံသည် အကြမ်းဖက်အဖွဲ့ TTP ၏ လှုပ်ရှားမှုများကို မထိန်းနိုင်သည့် အားနည်းချက်ကို ဖုံးကွယ်ရန် နိုင်ငံအတွင်းသို့ ဝင်ရောက်လာသော အာဖဂန်လူမျိုးများဘက်သို့ ဦးလှည့်လာသည် ဟု Afghan Diaspora Network တွင် ဖော်ပြထားသည်။

နယ်စပ်တစ်လျှောက်တွင် တပ်ဖြန့်ထားသော အာဖဂန် တပ်ဖွဲ့ဝင်များသည် ပါကစ္စတန်အာဏာပိုင်များ၏ နှောက်ယှက်မှုကို ခံကြရပြီး အာဖဂန်လူမျိုးများအပေါ် ပြုမူဆက်ဆံမှုများကြောင့် နှစ်နိုင်ငံတပ်များအကြား ပဋိပက္ခများ မကြာခဏ ဖြစ်ပေါ်ခဲ့သည်။

တော်ခမ်းနယ်ခြားဂိတ်တွင် ဖေဖော်ဝါရီ ၂၀ ရက်ကလည်း ပါကစ္စတန်နှင့် အာဖဂန် နယ်ခြားစောင့်တပ်များ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။ နယ်စပ်တွင် တပ်စွဲထားသော ပါကစ္စတန် နယ်ခြားစောင့်တပ်များကို အာဖဂန်တာလီဘန်တို့က ပစ်ခတ်ခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။

ကုန်ကျစရိတ် မြင့်မားခြင်း၊ ဘာသာစကား အတားအဆီးများနှင့် နေရာထိုင်ခင်း ပြဿနာများ ရှိသော်လည်း အာဖဂန်လူနာများသည် ပါကစ္စတန်နိုင်ငံ ပါ့ရှ်ဝါမြို့ရှိ ဆေးရုံများသို့ သွားရောက်၍ ဆေးကုသမှု ခံယူကြရသည်။ ခရီးသွားစာရွက်စာတမ်းများရရေးအတွက် တရားဝင်လုပ်ငန်းစဉ်များက ရှည်ကြာ၍ ခက်ခဲသောကြောင့် အာဖဂန်လူနာအများအပြားသည် တော်ခမ်းနယ်စပ်မှတစ်ဆင့် ပါကစ္စတန်သို့ ဝင်ရောက်ကြခြင်းဖြစ်သည်။

ပါကစ္စတန်တာဝန်ရှိသူများသည် အစောပိုင်းက ဆေးရုံအာဏာပိုင်များနှင့် ပူးပေါင်းကာ အာဖဂန်များအား ပါကစ္စတန်သို့ ဝင်ခွင့်ပေးခဲ့ရာ ယင်းက ဆေးရုံများအတွက် ကြီးမားသော ဝင်ငွေရလမ်း တစ်ခုဖြစ်ခဲ့သည်။ နှစ်စဉ်နှစ်တိုင်း အာဖဂန်လူနာပေါင်း ၁၀၀ ၀၀၀ ကျော်သည် ကုသမှုအမျိုးမျိုးအတွက် ပါကစ္စတန်ဆေးရုံများသို့ သွားရောက်ကြသည်။ အာဖဂန်ကို တာလီဘန်တို့ သိမ်းပိုက်ပြီးချိန်မှစ၍ အာဖဂန်နစ္စတန်နိုင်ငံသားများသည် အခြားနိုင်ငံများသို့ ဆေးသွားကုရန် ခက်ခဲလာခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly