ဂန့်ဂေါမြို့နယ်အတွင်း ကျဆုံးခဲ့ရသော ရဲဘော်နှင့် ပြည်သူများအတွက် ကူညီထောက်ပံ့ငွေပေးအပ်

By ပါခွီး
02 March 2023
ဂန့်ဂေါမြို့နယ်အတွင်း ကျဆုံးခဲ့ရသော ရဲဘော်နှင့် ပြည်သူများအတွက် ကူညီထောက်ပံ့ငွေပေးအပ်

မဇ္စျိမ။ ။မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အတွင်း စစ်ကောင်စီလက်ချက်ဖြင့်ကျဆုံးခဲ့ရသော ကာကွယ်ရေး တပ်ဖွဲ့ဝင်များနှင့် ပြည်သူများအတွက် ကူညီထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း ဂန့်ဂေါမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့မှ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန၏ထောက်ပံ့မှုဖြင့် ဂန့်ဂေါမြို့နယ်အတွင်းကျဆုံးခဲ့ရသော ရဲဘော်နှင့် ပြည်သူ ၁၂၈ ဦး အတွက် တစ်ဦးလျှင် ငွေကျပ် ၁၀၀,၀၀၀ စုစုပေါင်း ငွေကျပ် ၁၂၈,၀၀၀,၀၀ ကို ကူညီထောက်ပံ့ခဲ့ကြောင်းဆိုသည်။

ကျဆုံးခဲ့သူများမှာ ပြည်သူ့ကာကွယ်ရေး ရဲဘော် ၇၈ ဦးနှင့် ပြည်သူ ၅၀ ဦးဖြစ်ပြီး ဂန့်ဂေါ(ပအဖ) ဒုတိယ အဖွဲ့ခေါင်းဆောင်နှင့် အဖွဲ့ဝင်များ၊ ရပ်ကျေး (ပအဖ) များမှ ကွင်းဆင်း ထောက်ပံ့ခဲ့ခြင်းဟု သိရသည်။

လတ်တလောတွင် ပြင်းထန်သည့် တိုက်ပွဲများမရှိသော်လည်း မြို့နယ်အတွင်းရှိ ကျေးရွာ ၃၀ နီးပါးမှ ပြည်သူ ၅,၀၀၀ နီးပါသည် စစ်ဘေးရှောင်နေရပြီး ခလရ (၅၀) မှ စစ်ကြောင်း ထိုးလျက်ရှိကြောင်း ဂန့်ဂေါ မြို့ ပအဖတာဝန်ရှိသူကဆိုသည်။

ဂန့်ဂေါမြို့နယ်အတွင်း စစ်ဘေးရှောင်နှင့် မီးဘေးသင့်ပြည်သူများအတွက်လည်း ထောက်ပံ့ကူညီမှုများ ပြုလုပ်လျက်ရှိရာ ဖေဖော်ဝါရီလ ၂၇ ရက်တွင် ကုက္ကားကျေးရွာမှ နေရပ်စွန့်ခွာတိမ်းရှောင်နေရသော အိမ်ထောင်စု ၃၂ စုအတွက် တစ်အိမ်ထောင်လျှင် ဆန် ခြောက်ပြည်၊ ဆီ ၅၀ ကျပ်သား စုစုပေါင်း ဆန် ၁၂ တင်း၊ ဆီ ၁၆ ပိဿာ ကူညီခဲ့ကြောင်းသိရသည်။

ထို့ပြင် စစ်ကောင်စီတပ်လက်ချက်ဖြင့် နေအိမ်မီးလောင်ဆုံးရှုံးခဲ့ရသော ရဲလှကျေးရွာမှ အိမ်ထောင်စုသုံးစု အတွက် တစ်အိမ်ထောင်လျှင် ကျပ် ၅၀,၀၀၀ စီ ကို ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကူညီ ထောက်ပံ့ခဲ့ကြောင်းဆိုသည်။

ကူညီထောက်ပံ့ရန် ကျန်ရှိနေသောစစ်ဘေးရှောင်နှင့် မီးဘေးသင့် ပြည်သူများအတွက် ဆက်လက် ထောက်ပံ့နိုင်ရန် ကြိုးစားလျက်ရှိပြီး ပြည်တွင်း၊ ပြည်ပမှ အလှူရှင်များအနေဖြင့် ပူပေါင်းပါဝင် ကူညီပေး ကြပါရန် ဂန်ဂေါမြို့ ပအဖ မှ တိုက်တွန်းနှိုးဆော်ထားသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly