အင်းတော်တွင် မီးသွေးလုပ်ငန်းလုပ်ကိုင်သူကို PDFဟု စွပ်စွဲပြီး စစ်ကောင်စီက ထောင်ဒဏ်တသက်တကျွန်းချ

By ကိုခင်မောင်
02 March 2023
အင်းတော်တွင် မီးသွေးလုပ်ငန်းလုပ်ကိုင်သူကို PDFဟု စွပ်စွဲပြီး စစ်ကောင်စီက ထောင်ဒဏ်တသက်တကျွန်းချ

မဇ္ဈိမ။   ။ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်တွင် မီးသွေးလုပ်ငန်းလုပ်ကိုင်နေသည့် ဒေသခံအမျိုးသား တဦးကို PDF ဟု စစ်ကောင်စီက စွပ်စွဲဖမ်းဆီးကာ ထောင်ဒဏ်တသက်တကျွန်းချမှတ်လိုက်ကြောင်း  Indaw Revolution- IR က သတင်းထုတ်ပြန်သည်။

အင်းတော်မြို့၊ ကမ်းနီကျေးရွာမှ
ကိုမင်းမင်းဦး(ခ)ကိုလမင်းကို စစ်ကောင်စီက ဖမ်းဆီးပြီး   ဖေဖော်ဝါရီလ၂၇ရက်နေ့တွင် ထောင်ဒဏ်တသက်တကျွန်းချမှတ်လိုက်ခြင်း ဖြစ်ကြောင်းသိရသည်။

"အဲ့အကို(ကိုမင်းမင်းဦး)က ကမ်းနီရွာသား။ တောထဲမှာ မီးသွေးဖုတ်တာပါ။  PDF မဟုတ်ဘူးဗျ ”  ဟု အင်းတော်မြို့ဒေသခံတဦးက  မဇ္ဈိမကို ပြောသည်။

ကိုမင်းမင်းဦးသည် အသက် (၂၆)နှစ်အရွယ် လူငယ်တဦးဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) အဖွဲ့ဝင်ဖြစ်သည်ဟုဆိုကာ  အင်းတော်မြို့အဝင် စစ်ဆေးရေးဂိတ်တွင် ဖေဖော်ဝါရီလ ၈ရက် နေ့လယ်ပိုင်းအချိန်၌ စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသွားခြင်းဖြစ်သည်။ ထို့နောက် အကြမ်းဖျက်တိုက်ဖျက်ရေး
ဥပဒေပုဒ်မ၅၀(ည)ဖြင့်အမှုဖွင့်ကာ ဖေဖော်ဝါရီလ၂၇ရက်နေ့တွင် အင်းတော်မြို့စစ်ခုံရုံးမှ ထောင်ဒဏ်တသက်တကျွန်းချမှတ်လိုက်ခြင်းဟု သိရသည်။

"သူ့ အိမ်ကလူတွေလည်း ဖမ်းဆီးခံရပြီး သုံးရက်လောက်မှ သိတာ။ ထောင်ဝင်စာ သွားတွေ့တာလည်း တွေ့ခွင့်မပေးဘူး" ဟု ကိုမင်းမင်းဦး၏ မိသားစုဝင်များနှင့် နီးစပ်သူတဦးက ပြောသည်။

အင်းတော်မြို့နယ်သည်  စစ်အုပ်ချုပ်ရေး ကြေညာခံထားရသောမြို့ဖြစ်သည်။ စစ်ကောင်စီတပ်သည်
ဒေသခံအရပ်သားများကို အကြမ်းဖက်သမားအဖြစ် စွပ်စွဲဖမ်းဆီးမှုများ ရှိနေသည်ဟု တော်လှန်ရေးအင်အားစုများကပြောသည်။

ဇန်နဝါရီလ ၂၉ရက်က အလှပြင်ပစ္စည်းဝယ်ရန် အင်းတော်မြို့ပေါ် သို့သွားစဉ် စစ်ကောင်စီတပ်ဖွဲ့၏ ဖမ်းဆီးခံရသောမနွေနွေကိုနှင့် အင်းတော်မြို့တွင် ဖေဖော်ဝါရီလ ၁ ရက်နေ့က အာဏာသိမ်းမှု (၂)နှစ်‌မြောက်နေ့အဖြစ် အသံတိတ်သပိတ်ပြုလုပ်နေချိန် လမ်းမပေါ်လူရှင်းနေသည့် မှတ်တမ်းဓာတ်ပုံကို ရိုက်ယူနေ၍  မြို့တွင်းကင်းလှည့်နေသည့် ရဲတပ်သားများ၏ ဖမ်းဆီးခြင်းခံခဲ့ရသော ဦးလှအောင်တို့နှစ်ဦးလည်း ယနေ့မတ်လ ၂ရက်အထိ ပြန်မလွတ်သေးကြောင်း Indaw Revolution- IR ထံမှသိရသည်။

Indaw Revolution- IR အဖွဲ့သည် အင်းတော်ဒေသအတွင်းရှိ တော်လှန်ရေးသတင်းများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ဆက်စပ်သော သတင်းများကို မိဘပြည်သူများ သိရှိနိုင်ရန် လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန်နေပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို ထောက်ပို့ကူညီနေသည့် အဖွဲ့တခုဖြစ်သည်။

စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required