ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာကို စစ်ကောင်စီတပ် ရဟတ်ယာဉ်နဲ့ပစ်ခတ်နေလို့ ဒေသခံတွေထွက်ပြေးနေရ (ရုပ်သံ)

ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာကို စစ်ကောင်စီတပ် ရဟတ်ယာဉ်နဲ့ပစ်ခတ်နေလို့ ဒေသခံတွေထွက်ပြေးနေရ (ရုပ်သံ)

မဇ္ဈိမ။ ။ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၂၈ရက်နေ့က စစ်ကောင်စီတပ်တွေရဲ့ လက်နက်ကြီးပစ်ခတ်မူကြောင့် တက္ကသိုလ်ဝန်ထမ်းဖြေဆိုမယ့် ကျောင်းသားနှစ်ဦး သေဆုံးခဲ့တဲ့   ရှမ်းပြည်နယ်တောင်ပိုင်းက ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာအုပ်စု ကို ဒီကနေ့ မတ်လ ၂ ရက်နေ့ နေ့လယ် ၂ နာရီခွဲဝန်းကျင်မှာ စစ်ကောင်စီတပ်ကနေ ရဟတ်ယာဉ်နဲ့လာရောက်ပစ်ခတ်နေတာကြောင့် အရေးပေါ်ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်မှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်ကနေ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ညက လက်နက်ကြီးတွေနဲ့ ရန်းသန်းပစ်ခတ်မူကြောင့် ခေါင်းအိကျေးရွာ ဘုန်းကြီးကျောင်းအတွင်းကိုကျရောက်   ပေါက်ကွဲခဲ့ပြီး ဘုန်းကြီးကျောင်းမှာ စာကျက်နေတဲ့ ဆယ်တန်းကျောင်းသား အသက် ၁၉ နှစ်နဲ့ အသက် ၁၅ နှစ် အရွယ် ညီအစ်ကို နှစ်ဦး သေဆုံးခဲ့တာပါ။ ဘုန်းကြီးကျောင်း ဓမ္မာရုံနဲ့ ဇရပ်ပျက်စီးခဲ့ပြီး ဘုရားဆင်းတု၊ မီးစက်နဲ့အခြားအသုံးအဆောင်ပစ္စည်းတွေ ထိခိုက်ခဲ့ပါတယ်။

ဒီကနေ့ မတ်လ ၂ ရက်နေ့ မှာလည်း ရဟတ်ယာဉ်နဲ့ လေးကြိမ်ထက်မနည်းပစ်ခတ်နေတယ်လို့ ခေါင်းအိကျေးရွာ စစ်ဘေးရှောင်တစ်ဦးကပြောပါတယ်။ ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာအုပ်စုမှာ လူဦးရေ ကိုးထောင်နီးပါးနေထိုင်နေပြီး စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတဲ့အပြင် လေကြောင်းကနေပါ ပစ်ခတ်နေတာကြောင့် နီးစပ်ရာတောတောင်တွေမှာ
စစ်ဘေးရှောင်နေရပြီး အရေးပေါ်အကူအညီတွေလိုနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဖယ်ခုံမြို့နယ်အတွင်းကို စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ နေ့စဉ်ရက်ဆက်အကြောင်းမဲ့ ပစ်ခတ်နေတာကြောင့် ပြည်သူတွေ သတိဝီရိယနဲ့ နေထိုင်ကြပါဖို့ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် ၊အမှတ် (၁၁) တပ်ရင်းကသတင်း ထုတ်ပြန်ထားပါတယ်။

ရုပ်သံတင်ဆက်၊တည်းဖြတ် - KMN
#mizzima
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required