ကမ္ဘောဒီးယားတွင် ငှက်တုပ်ကွေးကြောင့် ကလေးငယ် ၁ ဦး သေဆုံး၍ သိပ္ပံပညာရှင်များ သတိပေးလာ 

By Irish Mirror 
02 March 2023
ကမ္ဘောဒီးယားတွင် ငှက်တုပ်ကွေးကြောင့် ကလေးငယ် ၁ ဦး သေဆုံး၍ သိပ္ပံပညာရှင်များ သတိပေးလာ 

ကမ္ဘောဒီးယားနိုင်ငံတွင် အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးခဲ့ရသည့် ငှက်တုပ်ကွေး မျိုးကွဲသည် လက်ရှိတွင် လူသို့ အလွယ်တကူ ကူးစက်နိုင်အောင် သန္ဓေပြောင်းနေပြီဖြစ်ကြောင်း သိပ္ပံပညာရှင်များက သတိပေးချက် ထုတ်လာခဲ့သည်။ 

အဆိုပါ ဗိုင်းရပ်စ်က လူသို့ အလွယ်တကူ ကူးစက်နေနိုင်ပြီဆိုသည့် တွေ့ရှိချက်အား “လုံးဝနီးပါး ဂရုစိုက်ကြရန်” ဗိုင်းရပ်စ်အား အမျိုးအစားခွဲထုတ်သည့် ပညာရှင်အဖွဲ့ကို ဦးဆောင်သူ သုတေသနပညာရှင်က ပြောသည်။ 

သေဆုံးသူ မိန်းကလေးငယ်တွင် ကူးစက်သည့် ဗိုင်းရပ်စ်သည် ငှက်များတွင် ရယူထားသော နမူနာများနှင့် ကွဲပြားမှု ရှိသည်ဟု ကမ္ဘောဒီးယား Pasteur Institute မှ ဒေါက်တာ အီရစ် ကဲလ်ဆန်က ပြောသည်။ 

ယင်း ဗိုင်းရပ်စ်သည် လူသို့ ကူးစက်နေနိုင်ပြီဖြစ်ပြီး မိန်းကလေးငယ်ထံ မကူးစက်မီ သန္ဓေပြောင်းခဲ့ပြီးဖြစ်သည်ကို ညွှန်ပြနေကြောင်း ၎င်းက ပြောသည်။ 

ယခု တွေ့ရှိချက်ကြောင့် ဗြိတိန်က ကျန်းမာရေးအာဏာပိုင်များသည် တုံ့ပြန်ရန်အတွက် ငှက်တုပ်ကွေး ကပ်ဘေးတစ်ရပ်အတွက် ပြင်ဆင်ခြင်းနှင့်အတူ ဆေးသိပ္ပံအသိုင်းအဝိုင်းတွင် လက်ရှိ၌ တပ်လှန့်စရာ ဖြစ်နေပြီဟု နားလည်ရသည်။ 

အမေရိကန်ရှိ ရောဂါ ထိန်းချုပ်ရေးနှင့် တားဆီးကာကွယ်ရေး စင်တာကလည်း ယင်း ကပ်ဘေးအတွက် ပြင်ဆင်မှု လုပ်ဆောင်နေသကဲ့သို့ ကမ္ဘာ့ကျန်းမာရေးမအဖွဲ့ကြီးက “စိုးရိမ်စရာ” အဖြစ် ဖော်ပြထားသည်။ 

ပရေးဗန့် ပြည်နယ်မှ အဆိုပါ မိန်းကလေးသည် ပြီးခဲ့သည့်လအတွင်းက သေဆုံးခဲ့ခြင်းဖြစ်ကာ H5N1 ကြောင့် ယခုနှစ်အတွင်း သေဆုံးသည့် ပထမဆုံးပဲ ဖြစ်သည်။ သူ့ အဖေတွင်လည်း ဗိုင်းရပ်စ် ကူးစက်ထားသည်ကို စစ်ဆေးတွေ့ရှိသော်လည်း ရောဂါလက္ခဏာ မပြပေ။ 

“ဒီ ဗိုင်းရပ်စ်ဟာ ကျွန်တော်တို့ အသက်ရှူအင်္ဂါတွေက ဆဲလ်တွေထဲမှာ ရှင်သန်နိုင်အောင် အချိန်မရွေး မျိုးပြောင်းသွားနိုင်တဲ့ အနေအထားမှာ ရှိနေတယ်”ဟု ဒေါက်တာ အီရစ်က ပြောသည်။ 

ယခု ဗိုင်းရပ်စ်သည် လူတွင် ခိုအောင်းရှင်သန်နိုင်သော ဗိုင်းရပ်စ်အဖြစ်သို့ အပြည့်အဝ မရောက်ရှိသေးဘဲ ငှက်ဗိုင်းရပ်စ်အဖြစ်ဘဲ ရှိနေဆဲ ဖြစ်သည်ဟု ၎င်းက ပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required