တရုတ်ကုမ္ပဏီက  ရုရှားသို့ ဒရုန်းများ ရောင်းချရန် ဆွေးနွေးနေဟု ဂျာမနီမဂ္ဂဇင်း ဖော်ပြ 

By Reuters
02 March 2023
တရုတ်ကုမ္ပဏီက  ရုရှားသို့ ဒရုန်းများ ရောင်းချရန် ဆွေးနွေးနေဟု ဂျာမနီမဂ္ဂဇင်း ဖော်ပြ 

ရုရှားသည် ဒရုန်းအစင်း ၁၀၀ ဝယ်ယူရန် တရုတ်ထုတ်လုပ်သူနှင့် ဆွေးနွေးနေပြီး  ဧပြီလတွင် ပို့ဆောင်ခိုင်းနိုင်ကြောင်း ဂျာမနီမဂ္ဂဇင်း Der Spiegel က ဖေဖော်ဝါရီ ၂၃ ရက်တွင် ဖော်ပြသည်။

အမေရိကန်၊ ဂျာမနီနှင့် အခြားသော အနောက်နိုင်ငံများက ယူကရိန်းအပေါ် စစ်ပွဲဆင်နွှဲနေသော ရုရှားထံ လက်နက်မရောင်းရန် မကြာသေးမီက တရုတ်ကို သတိပေးခဲ့ပြီး ယင်းလုပ်ရပ်သည် ပြင်းထန်သော အကျိုးဆက်များ ဖြစ်လာနိုင်သည်ဟု ပြောဆိုခဲ့သည်။

ယူကရိန်းအား ကျူးကျော်တိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် အနောက်နိုင်ငံများ၏ ပြင်းထန်သော ပိတ်ဆို့ အရေးယူမှုများကို ခံနေရသော ရုရှားသည် အီရန်ဒရုန်းများအပါအဝင် အီရန်နှင့် မြောက်ကိုရီးယားထံမှ လက်နက်များ ဝယ်ယူခဲ့သည်ဟု ယူဆရပြီး တရုတ်နိုင်ငံမှ ယခုအချိန်အထိ  မဝယ်ယူသေးပေ။

တရုတ်ဒရုန်းထုတ်လုပ်သူ Xian Bingo Intelligent Aviation Technology က ၃၅-၅၀ ကီလိုဂရမ်အလေးချိန်ရှိ ကျည်ထိပ်ဖူး သယ်ဆောင်နိုင်သော ZT-180 ပုံစံတူ  ဒရုန်းအစင်း ၁၀၀  ကိုထုတ်လုပ်ရန် ပြင်ဆင်ခဲ့ကြောင်း Der Spiegel  မဂ္ဂဇင်းက ဖော်ပြသည်။

"ဒါဟာ လက်ခံနိုင်စရာ မဟုတ်ဘူးလို့ တရုတ်ကိုယ်စားလှယ်တွေကို ပြောထားပြီးဖြစ်တယ်" ဟု ဂျာမနီဝန်ကြီးချုပ် အိုလက်ဖ်ရှော့ဇ်က အဆိုပါသတင်းနှင့်ပတ်သက်၍ ဖေဖော်ဝါရီ ၂၃ ရက်က ZDF ရုပ်သံဌာနသို့  ပြောကြားခဲ့သည်။

" တရုတ်က ရုရှားကို လူသေစေလောက်တဲ့ လက်နက်အထောက်အပံ့တွေ ပေးဖို့ စဉ်းစားနေတယ်ဆိုတဲ့ အရိပ်အယောင်တွေ ရှိနေပေမယ့် ဆုံးဖြတ်ချက်ချတာတော့ မတွေ့ရသေးဘူး" ဟု  အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက ဖေဖော်ဝါရီ ၂၄ ရက် တွင် ပြုလုပ်သည့် ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ 

အဆိုပါ ဒရုန်းသည် ရုရှားက ယူကရိန်းကို မရေမတွက်နိုင်သော တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့် အီရန်ထုတ် Shaheed-136 နှင့် ဆင်တူပြီး  အဆိုပါဒရုန်းဖြင့်တိုက်ခိုက်မှုများကြောင့် အရပ်သား ရာနှင့်ချီ၍ အသက်ဆုံးရှုံးခဲ့ရကာ အခြေခံအဆောက်အအုံများ ပျက်စီးခဲ့ရကြောင်း Der Spiegel က ပြောကြားခဲ့သည်။ Bingo သည် ရုရှားတွင် ဒရုန်းထုတ်လုပ်မည့်နေရာတစ်ခု ဆောက်လုပ်ရန် စီစဉ်နေပြီး ၁ လလျှင် ဒရုန်းအစင်းရေ ၁၀၀ အထိ ထုတ်လုပ်နိုင်မည်ဟု မဂ္ဂဇင်း၌ ဖော်ပြထားသည်။

တရုတ်စစ်တပ်က ထိန်းချုပ်ထားသည့် ကုမ္ပဏီသည် ရုရှား၏ SU-27 စစ်လေယာဉ်အတွက် အပိုပစ္စည်းများ ပေးပို့မည့် အစီအစဉ်များလည်းရှိခဲ့သည်ဟု ဆိုသည်။ အဆိုပါ ကိစ္စနှင့်ပတ်သက်၍ Bingo မှ ဖြေကြားခဲ့ခြင်းမရှိပေ။ 
Bingo သည် စစ်ဘက်ဆိုင်ရာကုန်သွယ်မှုနှင့် စစ်လက်နက်ကိရိယာများဆိုင်ရာသုတေသနကို ပံ့ပိုးပေးသည့်  နိုင်ငံပိုင် China Poly Group ၏ ဌာနခွဲဖြစ်သော Poly Technology Defense Investment မှ တည်ထောင်ထားသည့် အွန်လိုင်းပလက်ဖောင်းတစ်ခုနှင့် ၂၀၁၈ ခုနှစ် နိုဝင်ဘာက မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်။ 

Bingo မှ ထုတ်လုပ်သော ဒရုန်းများကို စစ်ရေးလေ့ကျင့်မှုတွင် အသုံးပြုခဲ့ပြီး ၎င်းတို့၏ နည်းပညာပိုင်းဆိုင်ရာ စွမ်းရည်ကို ပထမတန်းစားအဖြစ် တရုတ်အစိုးရမှ အသိအမှတ်ပြုထားသည်ဟု ၂၀၂၁ ခုနှစ် ဩဂုတ်လတွင် ရှင်ကျန်းအစိုးရက ထုတ်ပြန်သည့် ဝယ်ယူရေးစာရွက်စာတမ်းများတွင် ဖော်ပြထားသည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly