ထိုင်ဝမ်အတွက် စစ်ရေးလေ့ကျင့်မှု ရင်းမြစ်များ တိုးချဲ့ရန် အမေရိကန် ပြင်ဆင်နေ 

By Reuters
02 March 2023
ထိုင်ဝမ်အတွက် စစ်ရေးလေ့ကျင့်မှု ရင်းမြစ်များ တိုးချဲ့ရန် အမေရိကန် ပြင်ဆင်နေ 

အမေရိကန်နှင့် တရုတ်ကြား တင်းမာမှုများ မြင့်တက်လာချိန်တွင် ထိုင်ဝမ်စစ်တပ်ကို စစ်ရေးလေ့ကျင့်ပေးမည့် တပ်ဖွဲ့ဝင်အရေအတွက် တိုးချဲ့ရန်  စီစဉ်နေကြောင်း အမေရိကန်အရာရှိ ၂ ဦးက ဖေဖော်ဝါရီ ၂၃ ရက်တွင်   ပြောကြားသည်။

အမေရိကန် အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင်အနည်းငယ်သည် ထိုင်ဝမ်တွင် တပ်ဖွဲ့ဝင်များကို လေ့ကျင့်ပေးရန် အလှည့်ကျ လာရောက်ကြကြောင်း Reuters သတင်းဌာနက ၂၀၂၁ ခုနှစ်တွင် ဖော်ပြခဲ့သည်။

ပင်တဂွန်သည် လာမည့်လများအတွင်း ထိုတပ်ဖွဲ့ဝင်အရေအတွက်ကို တိုးမြှင့်ပေးမည်ဟု မျှော်လင့်ရကြောင်း အမည်မဖော်လိုသူ အရာရှိများက ပြောသည်။

တိုးမြှင့်မည့် တပ်ဖွဲ့ဝင်အရေအတွက် အတိအကျကို မသိရသေးဘဲ ယခုကိစ္စသည် အမေရိကန်ကို ဖြတ်ကျော် ပျံသန်းလာသော တရုတ်သူလျှိုမိုးပျံပူဖောင်းကို ပစ်ချမှုကြောင့်ဖြစ်ပေါ်ခဲ့သော တင်းမာမှုများနှင့် မသက်ဆိုင်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

"တိကျတဲ့ စစ်ဆင်ရေးတွေ၊ ထိတွေ့ဆက်ဆံမှုတွေ ဒါမှမဟုတ် လေ့ကျင့်ရေးတွေအပေါ် မှတ်ချက်ပေးဖို့ မရှိပေမယ့် ထိုင်ဝမ်အတွက် ကျွန်တော်တို့ရဲ့ ပံ့ပိုးမှုနဲ့ ကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေးတွေက တရုတ်နိုင်ငံရဲ့ လက်ရှိခြိမ်းခြောက်မှုအရ တုံ့ပြန်လုပ်ဆောင်နေတာပါ” ဟု ပင်တဂွန်မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ 

ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီး ချူကောင်ချန်းက တပ်ဖွဲ့အင်အားတိုးချဲ့လေ့ကျင့်မှုနှင့် ပတ်သက်သည့် သတင်းရင်းမြစ်ကို မသိရှိကြောင်း ဖေဖော်ဝါရီ ၂၄ ရက်က သတင်းထောက်များကို ဖြေကြားခဲ့ပြီး ထိုင်ဝမ်နှင့် အမေရိကန်တို့သည် စစ်ရေးအရ အပြန်အလှန်ဆက်ဆံမှုများစွာရှိခဲ့ကြောင်းပြောကာ နောက်ထပ် မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။

တပ်ရင်းတစ်ခုမှ စစ်သား ၅၀၀ ခန့်သည် လေ့ကျင့်မှုပြုလုပ်ရန် ယခုနှစ်အတွင်း အမေရိကန်သို့ သွားရောက်မည်ဖြစ်ကြောင်းလည်း  ထိုင်ဝမ်၏ တရားဝင်သတင်းဌာန Central News Agency က ယခုသီတင်းပတ်တွင် ဖော်ပြထားသည်။

ထိုင်ဝမ်စစ်သားအချို့သည် ယခင်ထက် နည်းဗျူဟာပိုကျသော စစ်ရေးလေ့ကျင့်မှုပြုရန် အမေရိကန်သို့ သွားရောက်မည်ဖြစ်ကြောင်း ချူက သွယ်ဝိုက်အတည်ပြုခဲ့ကာ အရေအတွက် အသေးစိတ်ကိုမူ ပြောကြားခြင်းမရှိပေ။

အမေရိကန်သည် ထိုင်ဝမ်အား လက်နက်အများဆုံးထောက်ပံ့ပေးသည့် နိုင်ငံဖြစ်ပြီး လက်နက်စနစ်များလေ့ကျင့်မှု အပြင် တရုတ်စစ်တပ်၏ ကျူးကျော်မှုကို ကာကွယ်နိုင်ရေးအတွက် ထိုင်ဝမ်စစ်တပ် ခိုင်မာအားကောင်းစေမည့် နည်းလမ်းများနှင့်ပတ်သက်ပြီး အကြံဉာဏ်အသေးစိတ်များကို နှစ်ရှည်လများ ပံ့ပိုးပေးလာသူဖြစ်သည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly