မြန်မာဒုက္ခသည် ၂၀၀,၀၀၀ ကျော် နိုင်ငံတွင်းသို့ ထွက်ပြေးခိုလှုံလာဟု မလေးရှားဝန်ကြီးချုပ် ပြော 

မြန်မာဒုက္ခသည် ၂၀၀,၀၀၀ ကျော် နိုင်ငံတွင်းသို့ ထွက်ပြေးခိုလှုံလာဟု မလေးရှားဝန်ကြီးချုပ် ပြော 

မြန်မာနိုင်ငံမှ ဒုက္ခသည် ၂၀၀,၀၀၀ ကျော်သည် ၎င်းတို့ နိုင်ငံမှ ထွက်ပြေးလာကာ မိမိတို့နိုင်ငံဆီ ခိုလှုံဝင်ရောက်လာကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က ဗုဒ္ဓဟူးနေ့တွင် ပြောပြီး ပြည်တွင်းပဋိပက္ခကို ဖြေရှင်းရန် မြန်မာအာဏာသိမ်း စစ်ဗိုလ်ချုပ်ကြီးများအား နားချနိုင်မည့် နည်းလမ်းသစ်များအတွက် အရေးတကြီး တိုက်တွန်းသည်။ 

အန်ဝါနှင့် အိမ်ရှင်အဖြစ် ဧည့်ခံသည့် ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ်တို့သည် တရုတ်နှင့် အခြားသော ကမ်းရိုးတန်းနိုင်ငံများနှင့် အချေအတင်ဖြစ်နေသော တောင်တရုတ်ပင်လယ် ပိုင်နက်အငြင်းပွားမှု ကိစ္စရပ်အား ဆွေးနွေးကြသကဲ့သို့ ဆက်ဆံမှုများ မြှင့်တင်သွားရန် နည်းလမ်းများကိုလည်း ဆွေးနွေးကြသည်။ 

“လက်ရှိ မလေးရှားမှာ ဒုက္ခသည် ဦးရေဟာ ကြီးမားပြီး ၂၀၀,၀၀၀ ကျော် ရှိနေပြီဖြစ်တာကြောင့် မလေးရှားနိုင်ငံအပေါ် ဆိုးဆိုးဝါးဝါး သက်ရောက်နေတဲ့ ဆက်လက်ဖြစ်ပွားနေပြီး မဖြေရှင်းနိုင်သေးတဲ့ မြန်မာ့အရေးအတွက် စိုးရိမ်ပူပန်ကြောင်း ကျွန်တော် ဖော်ပြလိုတယ်”ဟု အန်ဝါက ပြောသည်။ 

မြန်မာနိုင်ငံတွင် ၂၀၂၁ ၌ စစ်တပ်က အာဏာသိမ်းလိုက်ချိန်မှစကာ ပြည်သူထောင်ပေါင်းများစွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက သတ်ဖြတ်ပြီး နိုင်ငံအနှံ့ စစ်ဆင်ရေးများကြောင့် ပြည်သူ တစ်သန်းကျော်ထက်မနည်း နေရပ်စွန့်ရွှေ့ပြောင်းကြရသည်. ၂၀၁၇ ခုနှစ်အတွင်းကလည်း မွတ်စလင်ရိုဟင်ဂျာ လူနည်းစုများအပေါ် ရက်စက်သည့် တန်ပြန်အကြမ်းဖက် စစ်ဆင်ရေးကြောင့် လူပေါင်း ၇၄၀,၀၀၀ ကျော်ထက်မနည်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးကြပြီး လက်ရှိအထိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရသည်။ 

မြန်မာစစ်တပ်အကြီးအကဲ မင်းအောင်လှိုင်အပါအဝင် အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံခေါင်းဆောင်များ သဘောတူထားသည့် ငြိမ်းချမ်းရေး အစီအစဉ် ငါးချက်ကို လိုက်နာရန် လိုအပ်ကြောင်း မားကို့စ်က ထပ်လောင်းပြောဆိုသည်။ သို့ရာတွင် “မြန်မာအာဏာသိမ်းစစ်ကောင်စီက အာဆီယံနှင့် အသင်းဝင်အဖြစ် အတူတွဲလုပ်ကိုင်ရန်နှင့် ပူးပေါင်းဆောင်ရွက်ရန်အပြင် ဖြစ်ပွားဆဲ ပြဿနာများကို ဖြေရှင်းရေးတို့အတွက် တိုက်တွန်းနားချနိုင်မည့် ဧရိယာသစ်များ ရှာဖွေဖော်ထုတ်သင့်ကြောင်းကို အန်ဝါက ပြောသည်။ 

ဆယ်နိုင်ငံပါ အာဆီယံအဖွဲ့ကြီးသည် အဖွဲ့ဝင်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ဟူသော ပင်မမူဝါဒကို ထားရှိထားသည်။ မြန်မာနိုင်ငံက သွေးထွက်သံယို ပဋိပက္ခသည် “ပြည်တွင်းရေး သက်သက်အဖြစ် မသတ်မှတ်နိုင်ကြောင်း၊ ဒေသတွင်း လုံခြုံရေးနှင့် လူမှုဖူလုံရေးတို့အပေါ် သက်ရောက်နေကြောင်း” အန်ဝါက ပြောဆိုသည်။ 

အာဆီယံ၏ ငြိမ်းချမ်းရေးအစီအစဉ်၌ အကြမ်းဖက်မှုများ ချက်ချင်းအဆုံးသတ်ရေး၊ သက်ဆိုင်ရာ အဖွဲ့များကြား ဆွေးနွေးပွဲများ ပေါ်ပေါက်ရေးအတွက် အာဆီယံ အထူးသံတမန် လာရောက်ရေးနှင့် လူသားချင်းစာနာထောက်ထားရေး အကူအညီများ ပေးအပ်ရေးတို့ ပါဝင်သည်။ 

မြန်မာစစ်ကောင်စီက ယင်းကို ကနဦးက သဘောတူထားသော်လည်း နောက်ပိုင်းတွင် လေးစားလိုက်နာရေးအတွက် ကြိုးပမ်းမှုများကို ပိတ်ဆို့ကာဆီးလာခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required