အာဆီယံအနေဖြင့် မြန်မာအကျပ်အတည်းကို ပြည်တွင်းရေးကိစ္စသက်သက်အဖြစ် သဘောထား၍ မရနိုင်တော့ဟု မလေးရှားဝန်ကြီးချုပ် ပြော

By South China Morning Post
02 March 2023
အာဆီယံအနေဖြင့် မြန်မာအကျပ်အတည်းကို ပြည်တွင်းရေးကိစ္စသက်သက်အဖြစ် သဘောထား၍ မရနိုင်တော့ဟု မလေးရှားဝန်ကြီးချုပ် ပြော

 

မြန်မာ့အကျပ်အတည်းသည် ဒေသတွင်းလုံခြုံရေးအပေါ် ထိခိုက်လာနေသည့်အတွက် ယင်းကို ပြည်တွင်းရေးကိစ္စသက်သက်အဖြစ် သဘောထား၍ မရနိုင်တော့ကြောင်းနှင့် အာဆီယံအနေဖြင့် ထိုအကျပ်အတည်းကို ဖြေရှင်းနိုင်ရေးအလို့ငှာ နည်းလမ်းသစ်များ ရှာသင့်ကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က တိုက်တွန်းပြောကြားလိုက်သည်။

မြန်မာနိုင်ငံမှ ထွက်ပြေးလာသည့် ဒုက္ခသည် ၂၀၀,၀၀၀ ကျော်လည်း ၎င်းတို့နိုင်ငံသို့ ရောက်ရှိနေကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါက ပြောသည်။

မလေးရှားဝန်ကြီးချုပ် အန်ဝါသည် ပြီးခဲ့သည့် နိုဝင်ဘာက ရာထူးစတင် တာဝန်ယူပြီးနောက်ပိုင်း ၎င်း၏ ပထမဆုံး ဒေသတွင်း ခရီးစဉ် တစ်စိတ်တစ်ပိုင်းအဖြစ် ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာသို့ ရောက်ရှိစဉ် အထက်ပါအတိုင်း မှတ်ချက်ပေးခြင်း ဖြစ်သည်။

ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မာကို့စ် ဂျူနီယာနှင့် တွေ့ဆုံဆွေးနွေးစဉ် ၎င်းတို့သည် တောင်တရုတ်ပင်လယ် နယ်မြေအငြင်းပွားမှုများအပြင် မလေးရှားနှင့် ဖိလစ်ပိုင် နှစ်နိုင်ငံဆက်ဆံရေး ထပ်မံတိုးမြှင့်နိုင်မည့် နည်းလမ်းများနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့သည်ဟု အန်ဝါက ပြောသည်။ တောင်တရုတ်ပင်လယ် နယ်မြေအငြင်းပွားမှုများတွင် မလေးရှား၊ ဖိလစ်ပိုင်အပြင် တရုတ်နှင့် အခြားသော ကမ်းရိုးတန်းနိုင်ငံများ ပါဝင်ပတ်သက်နေသည်။

“ခုဆိုရင် မလေးရှားမှာ မြန်မာကနေ ထွက်ပြေးလာတဲ့ ဒုက္ခသည်ဦးရေက နှစ်သိန်းကျော်အထိ များပြားလာနေတာနဲ့အတူ ဒီ လက်ခံနိုင်ဖွယ်ရာ မရှိတဲ့၊ မပြေလည်နိုင်သေးတဲ့ မြန်မာ့အရေးကိစ္စဟာ မလေးရှားအပေါ်မှာ ဆိုးဆိုးရွားရွား သက်ရောက်နေတဲ့အပေါ် စိုးရိမ်မိတယ်လို့ ကျွန်တော် ပြောခဲ့တယ်” ဟု အန်ဝါက ဆိုသည်။

မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် အပါအဝင် အာဆီယံခေါင်းဆောင်များ သဘောတူထားခဲ့သည့် ဘုံသဘောတူညီချက် ငါးချက် ငြိမ်းချမ်းရေးအစီအစဉ် အသက်ဝင်ဖော်ဆောင်နိုင်ရေး လိုအပ်ကြောင်း ဖိလစ်ပိုင်သမ္မတ မာကို့စ်က ပြောသည်။ သို့သော် မြန်မာစစ်အုပ်စုဘက်က အာဆီယံနဲ့အတူ အသင်းအဖွဲ့တစ်ခုအနေဖြင့် ပူးပေါင်းဆောင်ရွက်လာစေရန်နှင့် ဖြေရှင်းရမည့် ကိစ္စများကို ပြေလည်စေရန် စစ်အုပ်စုကို မည်ကဲ့သို့ သိမ်းသွင်းဖျောင်းဖျနိုင်မလဲ ဆိုသည်နှင့်ပတ်သက်ပြီး နည်းလမ်းသစ်များ ရှာသင့်ကြောင်း အန်ဝါက ပြောသည်။

အဖွဲ့ဝင် ၁၀ နိုင်ငံပါ အာဆီယံအုပ်စုသည် အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်မစွက်ရေး အခြေခံမူတစ်ရပ် ရှိသည်။ လူသေဆုံးသော မြန်မာ့အကျပ်အတည်းသည် ဒေသ၏ လုံခြုံရေးနှင့် ကောင်းကျိုးချမ်းသာအပေါ် ထိခိုက်လာနေသည့်အတွက် ပြည်တွင်းရေးသက်သက်အဖြစ် ရှုမြင်၍ မရနိုင်တော့ကြောင်း မလေးရှားဝန်ကြီးချုပ်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required