ကန့်ဘလူမြို့နယ် ချပ်ကြီးရွာရှိ စစ်ကောင်စီတပ်စခန်းကို PDF ပူပေါင်းအဖွဲ့များမှဝင်တိုက်

By ကိုခင်မောင် (မဇ္ဈိမ)
02 March 2023
ကန့်ဘလူမြို့နယ် ချပ်ကြီးရွာရှိ စစ်ကောင်စီတပ်စခန်းကို PDF ပူပေါင်းအဖွဲ့များမှဝင်တိုက်

စစ်ကိုင်းတိုင်း၊ ကန်ဘလူမြို့နယ်၊ ချပ်ကြီးရွာရှိ ပျူစောထီးနှင့် စစ်ကောင်စီတပ် ပူးပေါင်းတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့များမှ မတ်လ ၂ ရက် နံနက် ၄ နာရီဝန်းကျင် ခန့်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

 

ချပ်ကြီးရွာတွင် စစ်ကောင်စီတပ်သား ၁၀ ဦးခန့်နှင့် လက်နက်တပ်ဆင်ပေးထားသော ပျူစောထီး အင်အား ၃၀ ဦး စုစုပေါင်း ၄၀ ကျော် တပ်စွဲအထိုင်ချထားကြောင်းနှင့် စခန်းသိမ်းတိုက်ပွဲအဖြစ် ဆင်နွဲခဲ့ခြင်းဟုလည်း သိရသည်။

 

“ တိုက်ပွဲကတော့ စခန်းကိုဝင်သိမ်းလိုက်တာဗျ။ တိုက်ပွဲမှာလက်နက်တွေ သိမ်းဆည်းနိုင်ခဲ့ပါတယ်။ လက်နက်တွေကတော့ အစုံပဲဗျာ။ ဒီဟာတွေကို စာရင်းမပြုစုရသေးဘူးဗျ။ ကျတော်တို့ကလည်း အခုမှ အဲ့ဒီရွာကနေ ထွက်ခဲ့တာဆိုတော့လေ” ဟု ကန့်ဘလူမြို့နယ်-ပကဖ မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူ ကိုမင်းခက ပြောသည်။

 

နံနက် ၄ နာရီမှ ၆ နာရီအထိ ၂ နာရီကြာတိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီပူးပေါင်းတပ်ဘက်မှ အထိနာကာ သေဆုံးသူနှင့် ထွက်ပြေးလွတ်မြောက်သွားသူများလည်းရှိခဲ့ကြောင်း သိရသည်။

 

တိုက်ပွဲအတွင်း အထိနာခဲ့သည့် စစ်ကောင်စီတပ်ဘက်က နံနက် ၇ နာရီခွဲခန့်တွင် MI-17 တိုက်ခိုက်ရေး ရဟတ်ယာဉ်များဖြင့် ပစ်ကူခြင်းများလည်းလုပ်ဆောင်ခဲ့သည်ဟု ကိုမင်းခက မဇ္ဈိမသို့ပြောသည်။

 

ရွာဘေးဝန်းကျင်ရှိ တောစပ်နေရာများသို့ လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့သည့်အပြင် MI-17 ပေါ်မှ စစ်သားများရွာအတွင်းကို ထပ်မံအင်အားဖြည့်ကာ ပြန်လည်တပ်စွဲထားကြောင်းသိရသည်။

ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းမကြီးဘေးတွင်ရှိသော ချပ်ကြီးရွာသည် အိမ်ခြေ ၄၅၀ ကျော်ရှိပြီး ပျူစောထီးအဖွဲ့များအားကောင်းသည့် ရွာတစ်ရွာဖြစ်ကြောင်းလည်း ကိုမင်းခထံမှသိရသည်။

 

အဆိုပါ စစ်ဆင်ရေးကို မဟာမိတ်တပ်များဖြစ်ကြသည့် ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့-ပကဖ၊ KB2၊ တောညီနောင်အဖွဲ့အပါအဝင် တစ်ခြားမဟာမိတ်ပူးပေါင်းအဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

စာတည်း ။ ။ Alden

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required