မြိတ်ခရိုင်တွင် ပျူစောထီးများက ဆက်ကြေးကောက်ခံမှု ပိုများလာ

By ကိုရွှေမြိတ်  မဲဆောက်  (မဇ္ဈိမ)
02 March 2023
မြိတ်ခရိုင်တွင် ပျူစောထီးများက ဆက်ကြေးကောက်ခံမှု ပိုများလာ

တနင်္သာရီတိုင်း မြိတ်ခရိုင်အတွင်းမှကျေးရွာများတွင် ပျူစောထီးအဖွဲ့ဝင်များက “ရပ်ရွာလုံခြုံ ရေး”ဟု အကြောင်းပြချက်ဖြင့် အတင်းအဓမ္မ ဆက်ကြေးကောက်ခံမှုပိုများလာနေကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။

 

မြိတ်ခရိုင်အတွင်းရှိ မြိတ်၊ ပုလော၊ ကျွန်းစုနှင့် တနင်္သာရီမြို့နယ်တို့ရှိကျေးရွာများတွင် ဒေသခံများထံမှ လစဉ် တစ်အိမ်ထောင်လျှင် ၅,၀၀၀ ကျပ်မှ ၁၀,၀၀၀ ကျပ် အထိ ကောက်ခံနေသည်ဟု ဒေသခံ သတင်း အရင်းမြစ်များထံမှ သိရသည်။

 

“ပေးနေရတာကတော့ ကြာပြီး တစ်လ ၅,၀၀၀ ပေးရတယ်၊ မပေးရင် ခြိမ်းခြောက်ခံရတာမျိုးရှိတယ်”ဟု ကျွန်းစုမြို့နယ် မိုင်းသွေးရွာ ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

 

ယခုကဲ့သို့ ဆက်ကြေးကောက်ခံမှုသည် စစ်ကောင်စီတပ်က လက်နက်တပ်ဆင်ပေးထားသော ပျူစော ထီးအဖွဲ့ အင်အားကောင်းသည့်ကျေးရွာများမှ “ပြည်သူ့ လုံခြုံရေး အတွက်”ဟု ဆိုကာ တစ်အိမ်ထောင်ကို တစ်လလျှင် ကျပ် ၅,၀၀၀ မှ ကျပ် ၁၀,၀၀၀ အထိ ကောက်ခံနေခြင်း ဖြစ်သည်။

 

“သူတို့ ကောက်တဲ့ ဆက်ကြေးတွေကို ညဖက် ကင်းတဲတွေမှာ အရက်ဝိုင်းထောင် သောက်စားမူးယစ်တာ တွေလုပ်တာများတယ်၊ နောက်ပြီး မိသားစုဝင်တွေအတွက် အိမ်သုံးစရိတ်တွေလည်း သူတို့သုံးတယ်” ဟု ပုလောမြို့နယ်ရှိ ကျောက္ကာကျေးရွာမှဒေသခံ တစ်ဦးကလည်း ပြောဆိုသည်။

 

အလားတူ ကျွန်းစုမြို့နယ်အတွင်းရှိ ပင်လယ်ပိုင်းဒေသများတွင် ဒေသခံ ငါးဖမ်းလှေများနှင့် ခရီးသည်တင် စက်လှေများကိုလည်း ပျူစောထီးအဖွဲ့က ဂိတ်ချကာ တားဆီးစစ်ဆေးမှုများရှိနေပြီး ဂိတ်များ၌ ကမ်း မကပ်သော စက်လှေများကို သေနတ်ပစ်ဖောက်ကာ ခြိမ်းခြောက်မှုများ ပြုလုပ်နေကြောင်းလည်း မြိတ် ဒေသခံ များက ပြောသည်။

 

ဓာတ်ပုံ- မြိတ်တောင်ကျေးရွာ အုပ်ကြီးက ပျူစောထီးများကို ထောက်ပံ့ကြေး ပေးအပ်နေစဉ်

 

စာတည်း။ ။ နောင်နောင်

စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly