သံတောင်မြို့နယ် ဘိုတဲကုန်းကျေးရွာအား စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်၍ စစ်ကြောင်းထိုး 

By YT  မဇ္ဈိမ
02 March 2023
သံတောင်မြို့နယ် ဘိုတဲကုန်းကျေးရွာအား စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်၍ စစ်ကြောင်းထိုး 

ကရင်ပြည်နယ်၊ သံတောင်မြို့နှင့် ၁၃ မိုင်ခန့်ကွာဝေးသောဘိုတဲကုန်းကျေးရွာသို့ ယနေ့ မတ်လ ၂ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပစ်ခတ်၍ စစ်ကြောင်း ထိုး ဝင်ရောက်လာကြောင်း ဒေသခံများထံမှ သိရသည်။

မတ်လ ၂ ရက်နေ့ နံနက် ၇ နာရီမှစ၍ ဘိုတဲကုန်းကျေးရွာသို့  ငွေတောင်းကြီး- ကျွဲဖြူတောင်လမ်းမှ တစ် ဆင့် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပစ်ခတ်၍ စစ်ကြောင်းထိုးလာခဲ့ပြီး နံနက် ၁၀ နာရီအထိ  ပစ် ခတ်နေဆဲဖြစ်ကာ နေအိမ်တစ်လုံးအား မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

“မီးရှို့ခံလိုက်ရတဲ့အိမ်က အရင်က ခရစ်ယာန်သင်းအုပ် သိက္ခာတော်ရဆရာတော်ရဲ့ အိမ်ပါ။ တောပြာ ကလေးရွာနဲ့နီးတော့ PDF တွေကို အိမ်မှာတည်းခိုခွင့်ပေးတယ်ဆိုပြီး လက်နက်ကြီးတွေနဲ့ပစ်ပြီး မီးရှို့ လိုက်တာ” ဟု ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့်ပစ်ခတ်မှုများကြောင့် နေအိမ်ထိခိုက်ပျက်စီးမှုရှိပြီး (၈)နှစ်အရွယ် ကလေးငယ်တစ်ဦး လက်နက်ကြီးကျည်စထိမှန်ထားကြောင်း သိရသည်။

“ကလေးက ၈ နှစ်ဝန်းကျင်အရွယ်။ ရွာမှာ ကြက်ခြေနီတစ်ယောက်ရှိတော့ သူကကူညီပေးနေပါတယ်” ဟု သံတောင်မြို့မှ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ထို့ပြင် PDF များအား အကူအညီပြုနေသည်ဟူသောအကြောင်းပြချက်ဖြင့် စစ်ကောင်စီတပ်က ဒေသခံ သုံးဦးအား ဖမ်းဆီးသွားပြီး ဆိုင်ကယ်လေးစီးအား မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။
 
အဖမ်းခံရသူများသည် PDF များအား အကြိုအပို့လုပ်ခြင်း၊ PDF များအား နေထိုင်ခွင့်ပြုခြင်း စသည့် အကြောင်းပြချက်များဖြင့် ဖမ်းဆီးခံရခြင်းဖြစ်ပြီး တစ်ဦးမှာ ပြန်လည်လွတ်မြောက်လာပြီဖြစ်သည်။ 

“ဆိုင်ကယ်တွေက PDF တွေကို အကြိုအပို့လုပ်တဲ့ဆိုင်ကယ်တွေဆိုပြီး မီးပုံရှို့လိုက်တာ လေးစီးပါ။ ဖမ်း ခံရတဲ့သူတွေကိုလည်း PDF တွေနဲ့ သက်ဆိုင်တယ်ဆိုပြီး ဖမ်းတာ၊ တစ်ယောက်တော့ ပြန်လွတ်လာပြီ”ဟု သတင်းအရင်းအမြစ်က ဆိုသည်။

ယခုအချိန်ထိ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်သားအချို့ ဘိုတဲကုန်းကျေးရွာအတွင်းရှိနေသေး ပြီး အချို့မှာ သံတောင်မြို့ ၁၃ မိုင်၊ စိုက်ပျိူးရေးခြံသွားလမ်း၊ ဒေမူးလောလမ်း နှင့် ကျွဲဖြူတော်ရွာပြန်လမ်း စသည့်နေရာများတွင် အရပ်ဝတ်များဖြင့် ကင်းပုန်းဝပ်လျက်ရှိကြကြောင်း သိရသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly