မြန်မာသံအမတ်ကြီးနှင့် အမေရိကန် ထိပ်တန်းတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများ တွေ့ဆုံပြီး မြန်မာ့အရေးဆွေးနွေး 

မြန်မာသံအမတ်ကြီးနှင့် အမေရိကန် ထိပ်တန်းတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများ တွေ့ဆုံပြီး မြန်မာ့အရေးဆွေးနွေး 

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းကို  အမေရိကန်နိုင်ငံ၏ ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်သော Columbia University , Teachers College မှ Professor Doctor Judy Kuriansky နှင့် PhD  Graduate ကျောင်းသားများ၊ Master Degree ကျောင်းသားများမှ ဖိတ်ကြားကာ မြန်မာ့အရေးဆွေးနွေးခဲ့ကြသည်။ 

ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် လူ့အခွင့်အ ရေးချိုးဖောက်ခံရမှုများနှင့်အတူ စိတ်ကျန်းမာရေးထိခိုက်ခံခဲ့ရသော မြန်မာပြည်သူပြည်သားများအတွက် အဓိကဆွေးနွေးခဲ့ကြသည်။ 

ထို့ပြင် အမျိုးသမီးနှင့် ကလေးငယ်များ ဖမ်းဆီးနှိပ်စက်ခံရမှုဖြစ်စဉ်များ၊ ဆင်းရဲငတ်မွတ်ခေါင်းပါးမှုများ၊ ပြန်လည်ထူထောင်ရေး၊ ငြိမ်းချမ်းရေး၊ စစ်ပြေးဒုက္ခသည်များအရေး နှင့် လူသားချင်းစာနာမှုဆိုင်ရာ ထောက်ပံမှုများအတွက် သံတမန်ရေးရာနှင့် နည်းပညာဆိုင်ရာကျွမ်းကျင်မှုစသည်တို့ကို မေးခွန်းများအပြန်အလှန်မေးမြန်းကာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 

အလားတူ မြန်မာ့အရေးနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့၏ အခန်းကဏ္ဍများနှင့် ရပ်တည်ချက်များကို ထည့်သွင်းဆွေးနွေးခဲ့ကြကြောင်းလည်း သိရသည်။ 

ဆွေးနွေးပွဲအား ပါဝင်တက်ရောက်ခဲ့ကြသူများသည် Master Degree တန်းနှင့် PhD Graduate ကျောင်းသားကျောင်းသူများဖြစ်ကြပြီး ကမ္ဘာလုံးဆိုင်ရာ စိတ်ကျန်းမာရေး၊ နိုင်ငံတကာဆက်ဆံရေး၊ နိုင်ငံတကာ နှိုင်းယှဉ်ပညာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ဆက်ဆံရေးများ ပညာရပ်များအား လေ့လာနေကြသူများ  ဖြစ်သည်။ 

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။   ။သန့်ဇော်(သန်လျင်) 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required