အာကာသလက်နက်ပြိုင်ပွဲတွင် တရုတ်နှင့် ရုရှားက အန္တရာယ်အရှိဆုံး ခြိမ်းခြောက်မှုများဖြစ်ကြောင်း အမေရိကန်ဗိုလ်ချုပ်ကြီး ပြောကြား

By CNA
02 March 2023
အာကာသလက်နက်ပြိုင်ပွဲတွင် တရုတ်နှင့် ရုရှားက အန္တရာယ်အရှိဆုံး ခြိမ်းခြောက်မှုများဖြစ်ကြောင်း အမေရိကန်ဗိုလ်ချုပ်ကြီး ပြောကြား

လက်နက်ပြိုင်ဆိုင်မှု ကြီးထွားလာခြင်းကြောင့် အာကာသသည် နှစ်အနည်းငယ်အတွင်း လုံးလုံးလျားလျား ပြောင်း လဲသွားကြောင်းနှင့် တရုတ်သည် အန္တရာယ်အရှိဆုံးခြိမ်းခြောက်မှုဖြစ်ကာ ယင်းနောက်တွင် ရုရှားရှိနေကြောင်း  အမေရိကန်အာကာသစစ်ဆင်ရေး အကြီးအကဲ ဗိုလ်ချုပ်ကြီး ဘရတ်လေချန့်စ် ဆော့ဇ်မန်းက ပြောကြားသည်။

"ကျွန်တော်တို့ရဲ့ မဟာဗျူဟာမြောက် ပြိုင်ဘက်တွေက ထုတ်လုပ်တဲ့ လက်နက်တွေ အားလုံး ရောနှောနေတာ တွေ့နေရပါတယ်" ဟု ဆော့ဇ်မန်းက AFP အပါအဝင် ရွေးချယ်ဖိတ်ကြားထားသည့် မီဒီယာများကို ပြောကြားခဲ့သည်။

"အန္တရာယ်အရှိဆုံး ခြိမ်းခြောက်မှုက တရုတ်ပါ၊ ရုရှားလည်း အလားတူပါပဲ” ဟု ဖေဖော်ဝါရီ ၁၈ ရက်ကကျင်းပသော ဂြိုဟ်တုတိုက်ဖျက်ရေး ဒုံးကျည်များ၊ မြေပြင်အခြေစိုက်တိုက်ရိုက်စွမ်းအင်နှင့် ပတ်လမ်း ကြားဖြတ်နှောင့်ယှက်စွမ်းရည်များ အပါအဝင် နည်းပညာများကို ဖော်ပြသည့် မြူးနစ်လုံခြုံရေးညီလာခံ၏ သီးသန့်အစည်းအဝေး၌ ဆော့ဇ်မန်းက ပြောကြားခဲ့သည်။

"အာကာသဟာ ပြိုင်ဆိုင်မှုနယ်မြေတစ်ခုအဖြစ် အခြေခံကျကျ ပြောင်းလဲသွားပြီဆိုတဲ့အချက်ကို ကျွန်တော်တို့ ထည့်သွင်းတွက်ချက်ရမှာ ဖြစ်ပါတယ်။ အာကာသထဲမှာ ကျွန်တော်တို့ လည်ပတ်ပုံက ပြောင်းလဲသွားပါတယ်၊ အများစုကတော့ တရုတ်နဲ့ ရုရှားက စမ်းသပ်ခဲ့တဲ့ လက်နက်တွေကြောင့်ဖြစ်ပြီး အချို့ကိစ္စတွေမှာ စစ်ဆင်ရေး လုပ်ငန်းစဉ်တွေကြောင့်ပါ" ဟု ၎င်း က ပြောကြားသည်။

အာကာသလက်နက်ပြိုင်ဆိုင်မှုသည် အသစ်အဆန်းမဟုတ်ပေ။ ပင်တဂွန်သည် ၁၉၈၅ ခုနှစ်အစောပိုင်းက စမ်းသပ်မှုတစ်ခုအတွင်း ဂြိုဟ်တုတစ်လုံးကို ဒုံးကျည်တစ်စင်းဖြင့် ပစ်ချဖျက်ဆီးခဲ့သည်။

ထိုအချိန်မှစ၍ အမေရိကန်၏ ပြိုင်ဘက်များက ယင်းတို့၏ စွမ်းရည်ကို ပြသရန် ကြိုးပမ်းလာခဲ့ပြီး တရုတ်က ၂၀ဝ၇ ခုနှစ်တွင်လည်းကောင်း အိန္ဒိယက ၂၀ဝ၉ ခုနှစ်တွင်လည်းကောင်း အလားတူ ပြုလုပ်ခဲ့သည်။ 
အမေရိကန်ထောက်လှမ်းရေးဂြိုဟ်တုကို ခြေရာခံနေသော ရုရှား ဂြိုဟ်တု ၂ စင်းရှိနေကြောင်း အမေရိကန်ဗိုလ်ချုပ်ကြီးတစ်ဦးက ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလတွင် မှတ်ချက်ပြုခဲ့သည်။

ရုရှားက ၂၀၂၁ ခုနှစ်နှောင်းပိုင်းက ယင်းဂြိုဟ်တု ၂ လုံးအနက် ၁ လုံးကို ကမ္ဘာမှပစ်လွှတ်သော ဒုံးကျည်ဖြင့် ဖျက်ဆီးပစ်ခဲ့ပြီး ယင်းလုပ်ရပ်ကို နေတိုးအကြီးအကဲ ယန်းစတိုတန်ဘာဂ်က တာဝန်မဲ့လုပ်ရပ်အဖြစ် ရှုတ်ချခဲ့ သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly