အမေရိကန်ရှိ တရုတ်ရဲစခန်းကို သူလျှိုလုပ်မှုစွပ်စွဲချက်ဖြင့် ကန့်ကွက်ဆန္ဒပြ

By ANI
02 March 2023
အမေရိကန်ရှိ တရုတ်ရဲစခန်းကို သူလျှိုလုပ်မှုစွပ်စွဲချက်ဖြင့် ကန့်ကွက်ဆန္ဒပြ

  တရုတ်အစိုးရအား ဆန့်ကျင်သူများအပေါ် သူလျှိုလုပ်ခြင်းကို ကန့်ကွက်သည့်အနေဖြင့်  အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့တွင် နေထိုင်ကြသည့်  တရုတ်လူမျိုး ၆၀ ကျော်က တရုတ်ရဲစခန်းဖွင့်ထားသည့် အဆောက်အအုံတစ်ခု၏ အပြင်ဘက်တွင်    ဆန္ဒပြခဲ့ကြကြောင်း The New York Post သတင်းတွင် ဖော်ပြထားသည်။

ဆန္ဒပြသူများသည် ရဲဘက်ဆိုင်ရာ လုပ်ငန်းများကို လုပ်ကိုင်နေသည့် အကျိုးအမြတ်မယူသော ချန်းလီအသင်း (ChangLe Association Inc) တည်ရှိရာ 107 East Broadway အဆောက်အအုံအပြင်ဘက်တွင် ဖေဖော်ဝါရီလ ၂၅ ရက်က စုဝေးခဲ့ကြသည်။

“တရုတ်အသိုင်းအဝိုင်းမှာ ဒါဟာ အလွန်ဆိုးရွားတဲ့ ပြဿနာတစ်ခုပါ။ တရုတ်ကွန်မြူနစ်ပါတီဟာ ပြည်တွင်းက လူတွေကို ဖိနှိပ်ချုပ်ချယ်ပြီး အမေရိကန်နဲ့ အာရှ-အမေရိကန် နိုင်ငံရေးသမားတွေကနေတစ်ဆင့် အမေရိကန်ရောက် တရုတ်တွေအပေါ် သြဇာလွှမ်းမိုးမှု ကြီးကြီးမားမား ရှိနေပါတယ်” ဟု ဆန္ဒပြသူတဦးဖြစ်သည့် တိုနီကိုင်က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသားများကို သူလျှိုလုပ်ပြီး ထိပါးနှောင့်ယှက်သည်ဟု စွပ်စွဲကာ ဒါဇင်နှင့်ချီသော ဆန္ဒပြသူများက ပြည်ပရဲစခန်းတည်ရှိရာ တရုတ်တန်း အဆောက်အအုံတစ်ခု၏ အပြင်ဘက်တွင် စုဝေးဆန္ဒပြခဲ့ကြောင်း New York Post သတင်းတွင် ဖော်ပြထားသည်။ 

ကိုင်သည် မိန့်ခွန်းပြောမှုဖြင့် တရုတ်ကွန်မြူနစ်ပါတီက ၂ ကြိမ်တိုင် ထောင်ချခြင်းခံခဲ့ရသော ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်ပြီး ၂၀၀၀ ပြည့်နှစ်တွင် အမေရိကန်သို့ ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်သည်။
“ကျွန်တော် အင်မတန် စိုးရိမ်ပါတယ်၊ ဒါပေမယ့် တရုတ်ကွန်မြူနစ်ပါတီရဲ့ လုပ်ဆောင်ချက်မှန်သမျှကို ရိုးသားပွင့်လင်းစွာ ဆန့်ကျင်တဲ့ တရုတ်အသိုင်းအဝိုင်းက ခေါင်းဆောင်တွေကို ထောက်ခံချင်ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

အမေရိကန် ဗဟိုထောက်လှမ်းရေးအဖွဲ့(အက်ဖ်ဘီအိုင်)၏ တန်ပြန်ထောက်လှမ်းရေးအဖွဲ့သည် နယူးယောက်မြို့ရှိ အဆိုပါ ရုံးအဆောက်အအုံကို အစောပိုင်းက ဝင်ရောက်စီးနင်းခဲ့သည်။ အဆိုပါ တရုတ်ရဲစခန်းသည် ပြည်တွင်းအခွန်ဝန်ဆောင်မှုဌာန (IRS) အမည်ပျက်စာရင်းတွင် ထည့်သွင်းခံထားရသည့် အမေရိကန် ပရဟိတအဖွဲ့တစ်ခု၏အကူအညီဖြင့် လည်ပတ်နေခြင်းဖြစ်ကြောင်း The New York Post တွင် ဖော်ပြခဲ့သည်။ 

အဆိုပါရဲစခန်းများသည် အတိုက်အခံများကို ထောက်လှမ်းရန်နှင့် ရွှေ့ပြောင်းနေထိုင်သူများကို တရုတ်နိုင်ငံသို့ ပြန်ပို့ရန် ခြိမ်းခြောက်ခြင်း၊ နှောင့်ယှက်ခြင်း၊ ဖမ်းဆီးထိန်းသိမ်းခြင်းနှင့် အကျဉ်းချခြင်းများပြုလုပ်ရာတွင်လည်း ပါဝင်လျက်ရှိသည်။

“သက်ညှာခွင့်ပေးတဲ့ အမေရိကန်အစိုးရရဲ့ မူဝါဒကို မိမိတို့ တရုတ်တွေအနေနဲ့ အင်မတန် ဒေါသထွက်မိပါတယ်။ တရုတ်ကွန်မြူနစ်ပါတီက လွတ်လပ်ခွင့်နဲ့လူ့အခွင့်အရေးလှုပ်ရှားမှုတွေအပေါ် ဖိနှိပ်တာကို အမေရိကန်အစိုးရက ခွင့်ပြုပေးနေတယ်။ တရုတ်သူလျှိုတွေကို ဖိအားပေးတဲ့ မူဝါဒ ချမှတ်စေချင်တယ်" ဟု ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သည့် ချင်မ်အန်ဂျူးက ပြောကြားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly