ကမ္ဘောဒီးယားတွင် တရုတ်ထောက်ပံ့ငွေဖြင့် ရေတပ်အခြေစိုက်စခန်း တိုးချဲ့ထားကြောင်း တွေ့ရှိ 

By RFA
02 March 2023
ကမ္ဘောဒီးယားတွင် တရုတ်ထောက်ပံ့ငွေဖြင့် ရေတပ်အခြေစိုက်စခန်း တိုးချဲ့ထားကြောင်း တွေ့ရှိ 

ကမ္ဘောဒီးယားနိုင်ငံ စီဟန်နက်ဗေးပြည်နယ်တစ်ဝိုက်ရှိ ကမ်းရိုးတန်းဒေသအား မကြာသေးမီက ရိုက်ကူးထား သော ဂြိုဟ်တုဓာတ်ပုံများ၌ အရှေ့တောင်အာရှတွင်သာမက ထိုင်ဝမ်ရေလက်ကြားကိုပါ တရုတ်က သြဇာ ဖြန့်ကြက်နိုင်မည့် တရုတ်ထောက်ပံ့ငွေဖြင့်တည်ဆောက်ထားသော ရေတပ်အခြေစိုက်စခန်းတစ်ခု သိသာစွာ တိုးချဲ့လာပုံကို ဖော်ပြထားသည်။ 

အခြေစိုက်စခန်း၏ တစ်စိတ်တစ်ပိုင်းကို တရုတ်စစ်တပ်အား အသုံးပြုခွင့်ပေးရေး လျှို့ဝှက်သဘောတူညီချက် တစ်ရပ်ကို ကမ္ဘောဒီးယားနှင့် တရုတ်က လက်မှတ်ရေးထိုးခဲ့ကြောင်း Wall Street Journal က ၂၀၁၉ ခုနှစ်တွင် ဖော်ပြခဲ့သည်။

ကမ္ဘောဒီးယားက ယင်းသဘောတူညီချက်ကို အကြိမ်ကြိမ်ငြင်းဆိုခဲ့ပြီး အခြေစိုက်စခန်းအား နိုင်ငံခြားတိုင်းပြည် များကို စစ်ရေးအတွက် သီးသန့်အသုံးပြုခွင့်ပေးခြင်းသည် ကမ္ဘောဒီးယားဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင် ကြောင်း ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားနှင့် တရုတ်တို့သည် ၂၀၂၂ ခုနှစ် ဇွန်လတွင် တရုတ်ထောက်ပံ့ငွေဖြင့် ထိုင်းပင်လယ်ကွေ့ရှိ စီဟန်နက်ဗေးပြည်နယ်တွင် Ream ရေတပ်အခြေစိုက်စခန်း တည်ဆောက်ရေး စီမံကိန်းကို စတင်ခဲ့သည်။

ကမ္ဘာမြေဓာတ်ပုံများကို ဖော်ပြသည့် Planet Labs ကုမ္ပဏီက ရိုက်ကူးထားပြီး RFA မှ ရရှိခဲ့သော နောက်ဆုံး ဂြိုဟ်တုဓာတ်ပုံများတွင် မြေပြင်အနေအထား အများအပြားပြောင်းလဲခြင်းများ၊ တည်ဆောက်မှုအသစ်များနှင့် နေရာအတော်များများတွင် မြေရှင်းလင်းထားမှုများကို တွေ့မြင်ရသည်။
ယင်းစီမံကိန်းကို စတင်ချိန် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁ ရက်က  Google Earth ဓာတ်ပုံများနှင့် နှိုင်းယှဉ်ပါက ယခု အခါ ရေတပ်အခြေစိုက်စခန်းတွင် ဆိပ်ခံတံတားအသစ် ၂ ခုရှိနေသည်။

အခြေစိုက်စခန်း၏ အလယ်ဗဟိုတွင် အဆောက်အအုံအသစ်များစွာ တည်ဆောက်ထားပြီး ယင်းတို့အနက် တစ်ခုသည် စီမံကိန်းတစ်ခုလုံးအတွက် အသုံးပြုမည့် ဘိလပ်မြေစက်ရုံနှင့် ဆင်တူကြောင်း အမေရိကန်လုံခြုံ ရေးအစီအစဉ်အသစ်စင်တာမှ ကာကွယ်ရေးအစီအစဉ်ဆိုင်ရာ တွဲဖက်အကြီးတန်းသုတေတီ တွမ်ရှူးဂတ်က ပြောကြားခဲ့သည်။

ဆိပ်ခံတံတားအသစ် ၂ ခုသည် ဆောက်လုပ်ရေးပစ္စည်းများနှင့် စက်ပစ္စည်းများသယ်ဆောင်ရေးအတွက် အသုံး ပြုသည့် ယာယီဆိပ်ခံတံတားဖြစ်နိုင်ပြီး စစ်သင်္ဘောများအသုံးပြုသည့် ရေတပ်ဆိပ်ခံတံတားများ မဟုတ်ပေ။
ယင်းဧရိယာ၏ အလယ်ဗဟိုနှင့် အရှေ့တောင်ဘက်တွင် အဆောက်အအုံများ တိုးချဲ့ဆောက်လုပ်ရေးအတွက် ဧရိယာကြီး ၂ ခုကို ၆ လအတွင်း ရှင်းလင်းခဲ့ပြီး အရှေ့တောင်ပိုင်းဧရိယာမှာ ခန့်မှန်းခြေအားဖြင့် ၆၆ ဧကခန့် ကျယ်ဝန်းသည်။

အလယ်ဗဟိုတွင် ရှင်းလင်းထားသော ဧရိယာသည် ၂၈ ဧကဝန်းကျင် သို့မဟုတ် Ream စီမံကိန်း၏ စုစုပေါင်း မြေ ဧရိယာ၏ ၁၅ ရာခိုင်နှုန်းကျော်ရှိကြောင်း မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးစင်တာ (CSIS) ၏ အာရှပင်လယ်ရေကြောင်း ပွင့်လင်းမြင်သာမှုအဖွဲ့က ဖော်ပြထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly