မြင်းမူမြို့တွင် အရပ်သားကလေးငယ် ၂ ဦး အသတ်ခံရ၊ စကစတပ်က ဓားစာခံအဖြစ် ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်းဖြစ်ဟုဆို

မြင်းမူမြို့တွင် အရပ်သားကလေးငယ် ၂ ဦး အသတ်ခံရ၊ စကစတပ်က ဓားစာခံအဖြစ် ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်းဖြစ်ဟုဆို

မဇ္စျိမ။   ။စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင်၊ ပြီးခဲ့သည့်ရက်ပိုင်းက အရပ်သားကလေးငယ် နှစ်ဦး ခေါင်းဖြတ်အသတ်ခံခဲ့ရကြောင်း ဒေသခံများထံကသိရသည်။

“စစ်တပ်က၊ ညောင်ပင်ကန်(ရွာ)ကကလေးနှစ်ယောက်ကို၊ PDF စခန်းလိုက်ပြခိုင်းပြီး၊ ဟိုရောက်တော့ ဘုန်းကြီး ကျောင်းထဲမှာတင် ခေါင်းဖြတ်သတ်လိုက်တာပါ၊ ခေါင်းတွေကိုကွပ်ပျစ်ပေါ်မှာတစ်ခု၊ ခြံစည်းရိုးတိုင်မှာတစ်ခု ချိတ် ထားခဲ့တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ခေါင်းဖြတ်အသတ်ခံခဲ့ရသူနှစ်ဦးသည် အသက်မပြည့်သေးသည့်ကလေးငယ်များဖြစ်ပြီး၊ အရာတော်မြို့နယ် မှ မြင်းမူမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် အင်အား ၁၀၀ ခန့်ရှိသော စစ်ကောင်စီတပ်က သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းများက ဆိုသည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၂၆ ရက်နေ့နံနက်ပိုင်းက၊ မြင်းမူမြို့နယ်အတွင်းရှိ Zero ပြောက်ကျားတပ်ဖွဲ့ ယာယီစခန်းချရာ ကန်တော်ကျေးရွာ ဘုန်းတော်ကြီးကျောင်းအနီးနေရာအား၊ ညောင်ပင်ကန် ကျေးရွာက အသက် ၁၃ နှစ်အရွယ်ကလေးနှစ်ဦးကို လိုက်ပြခိုင်းပြီး၊  ကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။

တိုက်ပွဲအတွင်း၊ စစ်ကောင်စီတပ်ဘက်က ၁၇ ယောက်သေဆုံးပြီး ကာကွယ်ရေး တပ်သားနှစ်ယောက်လည်း ကျဆုံံးခဲ့ကြောင်း၊ ထို့အပြင် သိန်းတစ်ရာဝန်းကျင်တန်သည့် မီးစက်တစ်လုံံးအပါအဝင် ကျပ်သိန်းနှစ်ရာခန့်ဆုံးရှုံးခဲ့ကြောင်း Zero ပြောက်ကျားတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရသိရသည်။
“ဖမ်းခေါ်ခဲ့တဲ့ ကလေးနှစ်ယောက်ကို၊ စခ(စစ်ကောင်စီတပ်သား)တွေက Zero အဖွဲ့ရဲ့စခန်းကို လိုက်ပြခိုင်းပြီး၊ စခန်းရောက်တော့ ကလေးတွေကို စခတွေက ရက်ရက်စက်စက် ခေါင်းဖြတ်သတ်ပစ်ခဲ့ပါတယ်၊ အသတ်ခံရတဲ့ကလေးနှစ်ယောက် ဟာ အသက် ၁၂ နှစ် ၁၃ နှစ်သာရှိသေးတယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ၎င်းတပ်ဖွဲ့နှင့်ဆက်သွယ်မေးမြန်းနေသော်လည်း အဆက်အသွယ်မရသေးပေ။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ကောင်စီ၏ဝါဒဖြန့်သတင်းများတွင်လည်း၊ PDF နှစ်ဦးအားပစ်သတ်ခဲ့ကြောင်းဆိုထားပြီး၊ မီးစက်တစ်လုံးနှင့်လက်နက်ခဲယမ်းများသိမ်းဆည်းနိုင်ခဲ့ကြောင်း  သတင်းထုတ်ပြန်သည်ကိုတွေ့ရသည်။

အရပ်သားကလေးငယ်နှစ်ဦး ခေါင်းဖြတ်သတ်ခံရသည့်ဖြစ်စဉ်နှင့်ပတ်သက်၍တော့ ဖော်ပြထားခြင်းမရှိပေ။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required