နိုင်ငံခြားကုမ္ပဏီများ ထွက်ခွာမှုကြောင့် စစ်ကောင်စီအတွက် သဘာဝဓာတ်ငွေ့မှ ရသည့် ဝင်ငွေ လျော့ကျဖွယ် ရှိ

By Nikkei Asia
01 March 2023
နိုင်ငံခြားကုမ္ပဏီများ ထွက်ခွာမှုကြောင့် စစ်ကောင်စီအတွက် သဘာဝဓာတ်ငွေ့မှ ရသည့် ဝင်ငွေ လျော့ကျဖွယ် ရှိ

မြန်မာနိုင်ငံရှိ သဘာဝဓာတ်ငွေ့ လုပ်ငန်းများမှ နိုင်ငံခြား စွမ်းအင်ကုမ္ပဏီများ တစ်ခုပြီး တစ်ခု ပြန်လည်ရုပ်သိမ်းထွက်ခွာမှုကြောင့် အာဏာသိမ်းစစ်ကောင်စီအနေဖြင့် ဖြစ်နိုင်ဖွယ်ရာ ဝင်ငွေ လျော့ပါးမှု အကျပ်အတည်းတစ်ခုနှင့် ရင်ဆိုင်နေရပြီး ၎င်းတို့၏ နိုင်ငံခြားဝင်ငွေ အဓိကရင်းမြစ်အပေါ် အကျပ်ဆိုက်စေလျက် ရှိသည်။

ထိုင်းအစိုးရ ကျောထောက်နောက်ခံပြု စွမ်းအင်ကုမ္ပဏီ PTT ၏ လုပ်ငန်းကုမ္ပဏီခွဲတစ်ခုဖြစ်သော PTT Exploration and Production (PTTEP) သည် ဓာတ်အားထုတ်လုပ်မှု အပါအဝင် ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဒေါ်လာ နှစ်ဘီလီယံအထိ ရှိမည်ဟု လျာထားသတ်မှတ်ထားသော စီမံကိန်းတစ်ခုကို ရွှေ့ဆိုင်းနောက်ဆုတ်ခဲ့သည်။ ၂၀၂၁ ဖေဖေါ်ဝါရီ စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း တစ်စိတ်တစ်ပိုင်းအားဖြင့် လူ့အခွင့်အရေး စည်းရုံးလှုံ့ဆော်သူများ၏ ဖိအားပေးမှုကြောင့် Chevron အပါအဝင် အနောက်အုပ်စုကုမ္ပဏီများသည် မြန်မာနိုင်ငံမှ လုံးလုံးလျားလျား နီးပါး ထွက်ခွာသွားခဲ့ကြပြီဖြစ်သည်။

PTTEP သည် M3 လုပ်ကွက်ဟု သိကြသည့် ကမ်းလွန်တူးဖော်မှု ဧရိယာတစ်ခုရှိ အဓိက သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေး စီမံကိန်းတစ်ခု ဖြစ်သည်။ ယခု ရွှေ့ဆိုင်းသည့် စီမံကိန်းသည် စစ်အာဏာသိမ်းမှုမတိုင်ခင် မြန်မာအစိုးရနှင့် မူလသဘောတူထားခဲ့ခြင်း ဖြစ်ပြီး ယင်းတွင် ဓာတ်ငွေ့ကို ကုန်းပိုင်းသို့ သယ်ယူပို့ဆောင်မည့် ပိုက်လိုင်းများအပြင် အပူစွမ်းအင်သုံးဓာတ်အားပေးစက်ရုံများ တည်ဆောက်၊ လည်ပတ်မှု လုပ်ငန်းများ ပါဝင်နေသည်။

“မြန်မာနိုင်ငံ၏ ပြည်တွင်းအခြေအနေကြောင့်” စီမံကိန်းကို နောက်ဆုတ်ထားရလိမ့်မည်ဟု M3 လုပ်ကွက်ရှိ တစ်ဦးတည်းသော ရှယ်ယာရှင် PTTEP က ရင်းနှီးမြှုပ်နှံသူများထံ ပေးစာတစ်စောင်တွင် ထုတ်ဖော်သည်။ ဓာတ်ငွေ့ဂတ်စ်ဆိုင်များကို လည်ပတ်လုပ်ကိုင်နေသည့် PTT Oil and Retail လုပ်ငန်းကလည်း မြန်မာတွင် ၎င်းတို့၏ စက်သုံးဆီ သိုလှောင်မှုလုပ်ငန်းကို ရပ်ဆိုင်းသွားမည် ဖြစ်ကြောင်း PTT က ပြီးခဲ့သည့် ဒီဇင်ဘာလက ကြေညာထားသည်။

ထိုင်းအစိုးရက PTT ၏ ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို ပိုင်သည် ဆိုသော်လည်း ထိုကုမ္ပဏီသည် ထိုင်း စတော့အိတ်စ်ချိန်းတွင် ရောင်းဝယ်သည် ဖြစ်ရာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ၏ သဘောဆန္ဒများကို လျစ်လျူရှု၍ မရနိုင်ပေ။

သို့သော် ထိုင်းနိုင်ငံသည် ယင်း၏ သဘာဝဓာတ်ငွေ့ ဖြည့်ဆည်းထောက်ပံ့မှု၏ ၁၅ ရာခိုင်နှုန်းခန့်အတွက် မြန်မာအပေါ် မှီခိုနေရသည် ဖြစ်သည့်အတွက် ဓာတ်ငွေ့တင်သွင်းမှုများကို တစ်ပြိုင်တည်း ဖယ်ထုတ်ရန်က ထိုင်းအတွက် ခက်ခဲလိမ့်မည်ပင် ဖြစ်သည်။

အနောက်အုပ်စု ကုမ္ပဏီများဘက်တွင် ဆိုလျှင် Chevron သည် မြန်မာ၏ အကြီးဆုံး ကမ်းလွန် သဘာဝဓာတ်ငွေ့ စီမံကိန်းဖြစ်သည့် ရတနာ စီမံကိန်းရှိ ယင်း၏ ရှယ်ယာ ၄၁ ဒသမ ၁ ရာခိုင်နှုန်းစလုံးကို ကနေဒါ၏ MTI Energy ကုမ္ပဏီ၏ လုပ်ငန်းတစ်ခုထံ မဖော်ပြသည့် ပမာဏတစ်ရပ်ဖြင့် ရောင်းချရန် သဘောတူထားသည်။

“မိမိတို့၏ ဝန်ထမ်းများကို အကာအကွယ်ပေးပြီး စနစ်ကျပြီး ဘေးကင်းလုံခြုံသော အကူးအပြောင်းတစ်ခုကို စီမံခန့်ခွဲမည့် မိမိတို့၏ ကတိကဝတ်များကို ဆက်လက်ဖြည့်ဆည်းသွားမည် ဖြစ်သည်” ဟု Chevron က ထုတ်ပြန်ချက်တစ်ရပ်တွင် ပြောသည်။ ရတနာ စီမံကိန်း၏ အများဆုံး ရင်းနှီးမြှုပ်နှံသူတစ်ဦးဖြစ်သည့် ပြင်သစ်၏ TotalEnergies က ယင်း၏ အစုရှယ်ယာကို လက်လွှတ်ဖျက်သိမ်းထားခဲ့သည်။

ယခုလက်ရှိတွင် PTTEP နှင့် တောင်ကိုရီးယား၏ POSCO International တို့သည် မြန်မာနိုင်ငံတွင် ကျန်ရှိနေသည့် အဓိကနိုင်ငံခြားကုမ္ပဏီများအဖြစ် ရှိနေသည်။ နိုင်ငံပိုင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) သည် လည်ပတ်လုပ်ကိုင်နေသည့် ကမ်းလွန်ဓာတ်ငွေ့စီမံကိန်း လေးခုစလုံးတွင် ရှယ်ယာများ ရှိသည် ဆိုသော်လည်း ယင်းအနေဖြင့် ထိုစီမံကိန်းများကို မိမိဘာသာ တစ်ဦးတည်း လုပ်ကိုင်လည်ပတ်ရန် ကျွမ်းကျင်မှု မရှိဟု ယူဆနိုင်သည်။

ပို၍ ဆိုးသည်က လုပ်ငန်းနှင့် အမှုဆောင်များအပေါ် အနောက်အုပ်စုက ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခြင်းကြောင့် MOGE အနေဖြင့် ငွေပေးအပ်မှုများကို ရယူရန် အပြင်းအထန် ကြိုးပမ်းထားခဲ့ရသည်။

နိုင်ငံခြား ရင်းနှီးငွေ ခန်းခြောက်ခြင်းနှင့် ဓာတ်ငွေ့လုပ်ကွက်များ ဖော်ဆောင်မှုဆိုင်ရာ တိုးတက်မှု တန့်အီနေခြင်းတို့နှင့်အတူ မြန်မာစစ်ကောင်စီအနေဖြင့် နိုင်ငံခြားငွေကြေးဆိုင်ရာ အဓိကရင်းမြစ်တစ်ခုကို ဆုံးရှုံးရနိုင်သည်။ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံသုံးကျပ်ငွေတန်ဖိုး ဆိုးဝါးစွာ ကျဆင်းနေစဉ် နိုင်ငံတွင် ကုန်ကြမ်းပစ္စည်းများ တင်သွင်းမှုဆိုင်ရာ စရိတ်စက ကြီးမြင့်နေခြင်းနှင့် စစ်ကောင်စီက ငွေလဲလှယ်မှုများကို အတင်းအကျပ် လုပ်ခိုင်းခြင်းတို့ အပါအဝင် မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ကိုင်မှုအတွက် အခက်အခဲများက ဆက်လက် များပြားလာနေသည်။

မြန်မာနိုင်ငံတွင် ထုတ်လုပ်သည့် သဘာဝဓာတ်ငွေ့၏ ၆၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းခန့်အထိကို ထိုင်းနှင့် တရုတ်သို့ ပိုက်လိုင်းများမှတစ်ဆင့် တင်ပို့သည်။ ဓာတ်ငွေ့သည် နိုင်ငံ၏ စုစုပေါင်း ပို့ကုန်များ၏ ၂၀ ရာခိုင်နှုန်းခန့် ဖြစ်သည်။

၂၀၂၂ ခုနှစ်က မြန်မာနိုင်ငံမှ သဘာဝဓာတ်ငွေ့နှင့် ရေနံဓာတ်ငွေ့ အပါအဝင် ထိုင်း၏ ဓာတ်ငွေ့ ဝယ်ယူတင်သွင်းမှုများ၏ စုစုပေါင်းတန်ဖိုးသည် ယခင်အစောပိုင်းနှစ်ကထက် ၅၅ ရာခိုင်နှုန်း မြင့်တက်ပြီး ဘတ် ၈၅ ဒသမ ၁ ဘီလီယံ (ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံ) ကို ရောက်ရှိခဲ့သလို တရုတ်၏ ဓာတ်ငွေ့ တင်သွင်းမှုများကလည်း ငါးရာခိုင်နှုန်း တက်ပြီး ယွမ် ၉ ဒသမ ၆ ဘီလီယံ (ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံ) ရှိခဲ့ကြောင်း သက်ဆိုင်ရာနိုင်ငံတစ်နိုင်ငံချင်းစီမှ အကောက်ခွန် ဒေတာများအရ သိရသည်။

သဘာဝဓာတ်ငွေ့ တင်ပို့မှု တန်ဖိုး၏ ၅၀ ရာခိုင်နှုန်းကျော်သည် စစ်ကောင်စီ၏ ဘဏ္ဍာတိုက်သို့ ရောက်ရှိကြောင်း ဂျပန်၏ သတ္တုနှင့် စွမ်းအင် ဖူလုံမှု အဖွဲ့အစည်း (JOGMEC) အရ သိရသည်။ JOGMEC ၏ တွက်ချက်မှုများသည် ထုတ်လုပ်မှု ခွဲဝေမှု သဘောတူညီချက်များအောက်ရှိ အကျိုးအမြတ် ခွဲဝေမှု၊ MOGE ၏ အစုရှယ်ယာများထံမှ အစုပေါ်အမြတ်များ၊ နိုင်ငံခြားကုမ္ပဏီများ ပေးဆောင်သည့် ကော်ပိုရိတ် အခွန်အကောက်များကဲ့သို့ ရင်းမြစ်များမှ ရယူတွက်ချက်ထားခြင်း ဖြစ်သည်။

သဘာဝဓာတ်ငွေ့သည် မြန်မာအာဏာသိမ်းစစ်တပ်အတွက် နိုင်ငံခြားငွေ ရရှိစေသည့် အကြီးဆုံး ရင်းမြစ် ဖြစ်နေသည့်အတွက် ဒီမိုကရေစီ လိုလားသော ထောက်ခံလှုပ်ရှားသူများက နိုင်ငံခြားကုမ္ပဏီများ မြန်မာမှ ထွက်ခွာစေရန် ဖိအားပေးခဲ့ကြသည်။

စစ်ကောင်စီအတွက် နောက်ထပ် ပိုဆိုးစေသည့်အရာက မြန်မာနိုင်ငံ၏ ရှိရင်းစွဲ ဓာတ်ငွေ့စီမံကိန်းများသည် လက်ရှိတွင် ကုန်ခန်းလုနီးဖြစ်လာနေခြင်း ဖြစ်သည်။ JOGMEC ၏ ထုတ်ဖော်ချက်အရ ရတနာဓာတ်ငွေ့စီမံကိန်း၏ ဓာတ်ငွေ့ရင်းမြစ်များသည် လုပ်ငန်းစတင်ခဲ့သည့် ၁၉၉၈ ခုနှစ်က ၎င်းတို့၏ မူလပမာဏဖြစ်သော ကုဗပေ ၆ ဒသမ ၄ ထရီလီယံ၏ ၁၀ ရာခိုင်နှုန်းကျော်ခန့်သာ ရှိတော့သည်အထိ ထိုးကျထားခဲ့သည်ဟု သိရသည်။

ကျဆင်းမှုက လာမည့် ငါးနှစ်အတွင်း အရှိန်မြန်ဆန်ဖွယ် ရှိသည်။ ရတနာစီမံကိန်းသည် နိုင်ငံ၏ သဘာဝဓာတ်ငွေ့ တင်ပို့မှုများ၏ ၄၀ ရာခိုင်နှုန်းခန့်ကို ထည့်ဝင်ပေးနေသည့်အတွက် ယင်းသည် စစ်ကောင်စီ၏ ဝင်ငွေအပေါ် သိသိသာသာ သက်ရောက်မှုတစ်ခု ဖြစ်စေလိမ့်မည် ဖြစ်သည်။

အခြားသော ဓာတ်ငွေ့လုပ်ကွက်များသည်လည်း အလားတူ ဦးတည်ရာအတိုင်း သွားနေသည်။ ရဲတံခွန် ဓာတ်ငွေ့စီမံကိန်းမှ ထွက်ရှိမှုက ၂၀၂၀ နောက်ပိုင်း သိသိသာသာ ကျဆင်းခဲ့ရာတွင် မလေးရှားနိုင်ငံပိုင် ရေနံကုမ္ပဏီ Petronas ၊ PTTEP နှင့် စွမ်းအင်ကုမ္ပဏီ ENEOS ပါဝင်သော ဂျပန်လုပ်ငန်းအဖွဲ့တစ်ခုတို့ အပါအဝင် ယင်း၏ အစောပိုင်း ရင်းနှီးမြှုပ်နှံသူအားလုံးက ၂၀၂၂ တွင် ၎င်းတို့ ရုပ်သိမ်းထွက်ခွာကြောင်း ကြေညာခဲ့သည်။ ရဲတံခွန် ဓာတ်ငွေ့စီမံကိန်းကို Petronas က အော်ပရေတာအဖြစ် လုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။

တရုတ်သို့ အဓိက တင်ပို့နေသည့် ရွှေ သဘာဝဓာတ်ငွေ့ စီမံကိန်းသည် ၂၀၁၃ ခုနှစ်ကမှ စတင်လည်ပတ်နေခဲ့ခြင်း ဖြစ်ပြီး ထပ်တိုး ရင်းနှီးမြှုပ်နှံမှုမှတစ်ဆင့် ထပ်မံ တိုးချဲ့လုပ်ကိုင်နိုင်သည်။ သို့သော် ထိုင်းနိုင်ငံက မြန်မာအပေါ် စွမ်းအင်ဆိုင်ရာ မှီခိုအားထားနေရမှုကို တဖြည်းဖြည်းချင်း လျှော့ချသွားရန် ရှိနေခြင်းနှင့်အတူ ပို့ကုန် ဝင်ငွေရရှိမှုပိုင်းတွင် သိသိသာသာ ယေဘုယျ မြင့်တက်မှုအတွက် မျှော်မှန်းချက်များက နည်းပါးနေသည်။

ကမ်းလွန် ဓာတ်ငွေ့လုပ်ကွက်အသစ်များ ဖော်ဆောင်ရန် အလားအလာများကလည်း နည်းပါးနေသည်။ လုပ်ကွက် A6 တွင် ဓာတ်ငွေ့ ရင်းမြစ်များက ခိုင်မာနေခဲ့သော်လည်း ဧရိယာတွင် ရှယ်ယာ ၄၀ ရာခိုင်နှုန်းစီ ရှိသည့် TotalEnergies နှင့် ဩစတြေးလျ၏ Woodside Energy Group တို့က စစ်အာဏာသိမ်းမှုနောက်ပိုင်း ထွက်ခွာသွားခဲ့ကြသည်။ ဧရိယာ၏ ရေနက်မှုကြောင့်လည်း ပြည်တွင်းကုမ္ပဏီများက ဓာတ်ငွေ့လုပ်ကွက် ဖော်ဆောင်မှုကို လွှဲယူလုပ်ကိုင်နိုင်ခြင်း မရှိပေ။
မြန်မာအစိုးရက ၂၀၁၃ ခုနှစ်တွင် ကမ်းလွန် တူးဖော်မှု ဧရိယာ အစုတစ်စုအတွက် တင်ဒါဖွင့်လှစ်ခေါ်ယူခဲ့ရာတွင် Woodside ၊ TotalEnergies ၊ Shell နှင့် Italy's Eni တို့ကဲ့သို့ နိုင်ငံခြားကုမ္ပဏီများက ရှာဖွေတူးဖော်ခွင့်များ အောင်မြင်ခဲ့သည်။ သို့သော် Nikkei က ဆက်သွယ်မေးမြန်းချိန်တွင် ထိုကုမ္ပဏီအားလုံးက ၎င်းတို့အနေဖြင့် မြန်မာတွင် လက်ကျန်ရှာဖွေတူးဖော်ခွင့် မရှိတော့ဟု ဖြေကြသည်။

နိုင်ငံ၏ လက်ရှိ စစ်ကောင်စီက တင်ဒါထပ်မံခေါ်ယူရန် စဉ်းစားနေပုံပေါ်သော်လည်း မကြာသေးခင်က ဖြစ်ပေါ်ထားသည့် အခြေအနေများကြောင့် အောင်မြင်သော တင်ဒါခေါ်ယူမှုအတွက် အလားအလာ နည်းပါးသည်ဟု လေ့လာစောင့်ကြည့်သူများက ရှုမြင်သည်။

သဘာဝဓာတ်ငွေ့ စီမံကိန်းများ၏ တိုးတက်မှု ဆိတ်သုဉ်းခြင်းက နိုင်ငံအတွင်း ဓာတ်အား ရှားပါးပြတ်လပ်မှုများကို ပိုမိုဆိုးဝါးစေနိုင်သည်။ ၂၀၂၁ ဘဏ္ဍာနှစ်အတွင်း မြန်မာ၏ လျှပ်စစ်ဓာတ်အားရင်းမြစ်များ၏ ၄၉ ရာခိုင်နှုန်းသည် ဓာတ်ငွေ့မှ လာခြင်းဖြစ်ပြီး ရေအားလျှပ်စစ်က ၄၃ ရာခိုင်နှုန်းနှင့် ညီမျှသည်။ ကျောက်မီးသွေးကဲ့သို့ အရန် ရင်းမြစ်များက အနည်းအကျဉ်းမျှသာ ဖြစ်သည်။

ဓာတ်ငွေ့ စီမံကိန်းများရှိ ပြည်ပတင်ပို့မှုများကိုသာ ဦးစားပေးဖွယ် ရှိသည့်အတွက် နိုင်ငံတွင် စက်ရုံအလုပ်ရုံများနှင့် စီးပွားဖြစ် လုပ်ငန်းများကို လည်ပတ်နေသည့် ကုမ္ပဏီများအနေဖြင့် ပုဂ္ဂလိက ဓာတ်အားထုတ်လုပ်မှုကိုသာ အားကိုးရမည် ဖြစ်သဖြင့် ကုန်ကျစရိတ်စကများ မြင့်တက်မှုနှင့် ကြုံရနိုင်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required