ဗီယက်နမ် သမ္မတသစ်ကို ကွန်မြူနစ်ပါတီ အမည်စာရင်း တင်သွင်း 

By The Straits Times
01 March 2023
ဗီယက်နမ် သမ္မတသစ်ကို ကွန်မြူနစ်ပါတီ အမည်စာရင်း တင်သွင်း 

ဗီယက်နမ် ကွန်မြူနစ်ပါတီသည် တိုင်းပြည်၏ သမ္မတသစ်အဖြစ် ဗို ဗန် သူအောင်းကို အမည်စာရင်း တင်သွင်းထားကြောင်း ပါတီသတင်းရင်းမြစ်နှစ်ရပ်က ရိုက်တာသို့ ဗုဒ္ဓဟူးနေ့တွင် ပြောသည်။ 

ဗီယက်နမ်၏ ဆုံးဖြတ်ချက်ချရာ အမြင့်ဆုံးအဖွဲ့ ပေါလစ်ဗျူရို၏ သူအောင်းအား ရွေးချယ်သည့် အစောပိုင်းက ဆုံးဖြတ်ချက်ကို ပါတီ၏ ဗဟိုကော်မတီက အတည်ပြုခြင်း ဖြစ်သည်။ 

အသက် ၅၂ နှစ်အရွယ် သူအောင်းသည် လက်ရှိ၌ ပေါလစ်ဗျူရို၏ အသက်အငယ်ဆုံး အဖွဲ့ဝင်ဖြစ်သည်။ 

၎င်းအား အမည်စာရင်း ရွေးချယ်မှုသည် “ချစ်ချစ်တောက် မီးပြင်းဖို” ဟု အမည်ပေးထားသော အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးကြား၌ ထွက်ပေါ်လာခြင်းပဲ ဖြစ်သည်။ အဆိုပါ အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေးတွင် တာဝန်ရှိသူ ရာပေါင်းများစွာကို စုံစမ်းစစ်ဆေးနေပြီး ဒုတိယ ဝန်ကြီးချုပ် နှစ်ဦးအပါအဝင် ထိပ်တန်းနိုင်ငံရေးသမားများကိုလည်း ထုတ်ပယ်ခြင်းများ ရှိသည်။ 

သူအောင်းသည် ဗီယက်နမ်၏ အာဏာအပြည့်ဝဆုံး အတွင်းရေးမှူးချုပ် ငုယင် ဖူ သရွန်နှင့် နီးစပ်သူ ဖြစ်ဖွယ်ရှိသည်။ ငုယင် ဖူ သရွန်သည် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး၌ အဓိက ဦးဆောင်သူပဲ ဖြစ်သည်။ 

ဗီယက်နမ်တွင် သမ္မတသည် ပါတီ၏ အတွင်းရေးမှူးချုပ်၊ ဝန်ကြီးချုပ်နှင့် အမျိုးသားလွှတ်တော် အကြီးအကဲတို့နှင့်အတူ နိုင်ငံ၏ ထိပ်တန်းနိုင်ငံရေးရာထူး လေးခုတွင် တစ်ခုအပါအဝင် ဖြစ်သည်။ 

သမ္မတဟောင်း ငုယင်ဟူအန်းဖျူသည် ၎င်း၏ ထိန်းချုပ်မှုအောက်၌ တာဝန်ရှိသူများက “စည်းမျဉ်းချိုးဖောက်ခြင်းနှင့် အမှားကျူးလွန်ခြင်းများ” ရှိသည်ဆိုသော အာဏာရကွန်မြူနစ်ပါတီ၏ အပြစ်ဆိုမှုနောက် ဇန်နဝါရီလအတွင်း ရာထူးမှ နုတ်ထွက်သွားသည်။ 

လက်ရှိ ယာယီသမ္မတမှာ ဒုတိယသမ္မတဖြစ်ခဲ့သူ ဗိုသီအန့်ဟူအန်းဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required