ဒီမောဆိုနှင့် ဖယ်ခုံတွင် စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကျည်ကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရ 

By ကိုဇာနည် မဇ္ဈိမ
01 March 2023
ဒီမောဆိုနှင့် ဖယ်ခုံတွင် စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကျည်ကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရ 

ဒီမောဆိုနှင့်ဖယ်ခုံမြို့နယ်တွင် ဖေဖော်ဝါရီလ ၂၇ ရက် ညက စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရရှိကြောင်းသိရသည်။ 

ဖေဖော်ဝါရီလ ၂၇ ရက် ည ၈နာရီခန့်က ကရင်နီပြည်နယ်ဒီးမော့ဆိုမြို့နယ်အနောက်ဖက်ခြမ်း စစ်ဘေးရှောင်နေထိုင်ရာသို့ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်မှုကြောင့် စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးသေဆုံးပြီး နှစ်ဦးအပြင်းအထန်ဒဏ်ရာရရှိကြောင်း အလယ်ပိုင်းတိုင်း ဒီးမော့ဆို (၁၁၀၂)တပ်ရင်းက  ထုတ်ပြန်ထားသည်။ 

ထို့အပြင် ဒီမောဆိုမြို့နှင့်ထိစပ်နေသော ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ဟန်ဘူးကျေးရွာကိုလည်း  ဖေဖော်ဝါရီလ ၂၇ ရက် ည ၉ နာရီခွဲခန့်တွင်  စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် နေအိမ်နှစ်လုံးပျက်စီးသွားခဲ့ပြီး ဒေသခံပြည်သူနှစ်ဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။ ဖယ်ခုံအခြေစိုက် (စကခ-၇ )က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။ 

"ပထမ တစ်ချက်နှစ်ချက်က ရွာကိုကျော်သွားတယ်။အဲ့ဒါနဲ့ အိမ်ပေါ်မှာအိပ်နေတဲ့ ကျွန်တော့် သား၊သမီးနဲ့ သူ့အမေကိုသွားနှိုးပြီး အိမ်အောက်ဆင်းလာခိုင်းတယ်။အားလုံးအိမ်အောက်ရောက်လာကြပြီး ကလေးအမေက အိမ်ပေါ်မှာ ဓာတ်မီးပြန်ယူပြီးအဆင်းမှာ လက်နက်ကြီးက အိမ်ရှေ့ထည့်ထည့်မှာကျတော့ ခြေသလုံးနဲ့ပေါင်ထိသွားတယ်။ အဲ့ဒါနဲ့ ငါ့ကိုထိပြီးသူအော်တော့ ကျနော်သူ့ကိုသွားချီလိုက်တယ်။ ဖြစ်ချင်တော့ တူလေးတစ်ယောက်ကလည်းစပါးကျီပေါ်မှာအိပ်နေရင်း ငါ့ကိုလည်းထိပြီလို့ အော်တော့သွားကြည့်တာ ခြေသလုံး နှစ်ဖက်လုံးထိပြီး အရိုးတွေထွက်ကုန်တယ်။ အဲ့ဒီအချိန် ကျွန်တော်က ရွာမှာရှိတဲ့သူတွေကို အကူအညီလိုက်တောင်းပြီး ဆေးခန်းကိုမြန်မြန်ပို့ခိုင်းလိုက်ပါတယ်”ဟု ဟန်ဘူးကျးရွာမှ  ဒဏ်ရာရရှိသူနှစ်ဦး၏ ဦးလေးဖြစ်သူက မဇ္ဈိမကို ပြောသည်။ 

လက်ကြီးကျည်ထိမှန်သွားသည့် ပြည်သူနှစ်ဦးမှာ အသက် ၄၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် အသက် ၂၇ နှစ်အရွယ် အမျိုးသားတစ်ဦးတို့ဖြစ်ပြီး အမျိုးသားဖြစ်သူ၏ ဒဏ်ရာမှာ စိုးရိမ်ရသည်ဟု သိရသည်။ 

ဟန်ဘူးကျေးရွာအတွင်း၌  တိုက်ပွဲဖြစ်ပွားခြင်းမရှိခဲ့ဘဲ စစ်ကောင်စီတပ်ဖွဲ့က ရုတ်တရက် လက်နက်ကြီးဖြင့် ပစ်ခတ်လာသည့်အတွက် ဒေသခံများ ကြောက်လန့်နေကြသည်ဟု  အဆိုပါအမျိုးသားက ဆက်ပြောသည်။ 

စစ်ကောင်စီတပ်သည် ဒေသပြည်သူ့ကာကွယ်ရေးတပ်များနှင့် ထိပ်တိုက် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားများနေထိုင်ရာကျေးရွာများကို လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေသည်ဟု
ကရင်နီအမျိုးသားကာကွယ်ရေးတပ်မတော်(KNDF) ဖယ်ခုံဇုန်မှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။ 

စာတည်း။    ။ ဖူးသိမ်ကျ
စာမူတည်းဖြတ် ။   ။ မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required