ခိုလှုံခွင့်တောင်းခံထားသည့် ဝီဂါတစ်ဦး သေဆုံးမှုကြောင့် ထိုင်းနိုင်ငံအပေါ် ဖိအားများတိုးလာ

By BBC
01 March 2023
ခိုလှုံခွင့်တောင်းခံထားသည့် ဝီဂါတစ်ဦး သေဆုံးမှုကြောင့် ထိုင်းနိုင်ငံအပေါ် ဖိအားများတိုးလာ

ထိုင်းနိုင်ငံတွင် ခိုလှုံခွင့်တောင်းခံထားသည့် အသက် ၄၉ နှစ်အရွယ် ဝီဂါတစ်ဦးသေဆုံးသွားမှုကြောင့် ၉ နှစ်ကြာ ထိန်းသိမ်းခံထားရသော ဝီဂါအမျိုးသား ၅၀ ခန့်ကြုံတွေ့နေရသည့် ဒုက္ခများအတွက် လူသားဆန်ဆန် ဖြေရှင်းနိုင်မည့်နည်းလမ်းကို ရှာဖွေပေးရန် လူ့အခွင့်အရေးအဖွဲ့များက တောင်းဆိုလိုက်သည်။ 

အဇစ်အဗ္ဗဒူလာသည် ဘန်ကောက်မြို့ရှိ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းတွင် လဲကျ သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။
အဇစ်အဗ္ဗဒူလာသည် ၂၀၁၃ ခုနှစ်တွင် တရုတ်နိုင်ငံအနောက်ပိုင်း ရှင်ကျန်းပြည်နယ်မှ ထွက်ပြေးခဲ့ကာ ထိုင်းနိုင်ငံတွင် ထိန်းသိမ်းခံခဲ့ရသည့် ခိုလှုံခွင့်တောင်းခံထားသူ ဝီဂါ ၃၅၀ ကျော်အနက် တစ်ဦးဖြစ်သည်။ 

အဇစ်အဗ္ဗဒူလာသည် ရှင်ကျန်းပြည်နယ် အနောက်တောင်ပိုင်း ဝေးလံခေါင်သီသော ဒေသမှ လယ်သမားတစ်ဦးဖြစ်ပြီး ကိုယ်ဝန်ဆောင်ဇနီး၊ အစ်ကိုနှင့် ကလေး၇ ယောက်တို့နှင့်အတူ ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် ထိုင်းနိုင်ငံသို့ ရောက်ရှိခဲ့သည်။

အဇစ်အဗ္ဗဒူလာသည် ၃ ပတ်ကျော် အပြင်းဖျားပြီး လဲကျသွားသည့်တိုင် ထိုင်းအာဏာပိုင်များက ဆေးရုံပို့ရန် ငြင်းဆိုခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းရှိ အကျဉ်းသားများနှင့် အဆက်အသွယ်ရှိသည့် တက်ကြွလှုပ်ရှားသူများက ပြောကြားခဲ့သည်။ 

“သူ ချောင်းဆိုး သွေးအန်ပြီး အစာမစားနိုင်လို့ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းက  ဆရာဝန်တစ်ယောက်က စစ်ဆေးခဲ့ပါတယ်၊ တကယ်ဖျားတာမဟုတ်ဘဲ သာမန် အခြေအနေသာဖြစ်တယ်လို့ ပြောခဲ့ပါတယ်” ဟု သြစတြေးလျအခြေစိုက် ကမ္ဘာ့ဝီဂါအဖွဲ့အစည်းမှ ဒုက္ခသည်များဆိုင်ရာစင်တာ ညွှန်ကြားရေးမှူး ပိုလတ်ဆာယင်က ပြောကြားခဲ့သည်။ 

အဇစ်အဗ္ဗဒူလာ လဲကျသွားပြီးနောက် ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း မကြာမီ သေဆုံးသွားခဲ့သည်။ ဆေးရုံက ထုတ်ပေးသော သေစာရင်းတွင် အဆုတ်ရောဂါဖြင့် သေဆုံးကြောင်း ဖော်ပြထားသည်။ 

အဆိုပါ ခိုလှုံခွင့်တောင်းခံသူ အဖွဲ့သည် မလေးရှားနိုင်ငံမှတစ်ဆင့် တူရကီသို့ သွားရန် ကြိုးပမ်းစဉ် ထိုင်းတောင်ပိုင်းတွင် ကြားဖြတ်ဖမ်းဆီးခြင်းခံခဲ့ရသည်ဟု တက်ကြွလှုပ်ရှားသူများက ဆိုသည်။

ထိုအချိန်တွင် ဝီဂါအများစုသည် တရုတ်သို့ ပြန်ပို့မည် စိုး၍ တူရကီလူမျိုးဖြစ်သည်ဟု ပြောဆိုခဲ့ကြပြီး ၎င်းတို့ထဲမှ အချို့ကို တူရကီက နိုင်ငံသားဖြစ်ခွင့်ပေးခဲ့သည်။ ထိုင်းအာဏာပိုင်များက အဇစ်အဗ္ဗဒူလာ၏ဇနီးနှင့် သားသမီးများအပါအဝင် ၎င်းတို့အထဲမှ ၁၇၃ ဦးအား ၂၀၁၅ ခုနှစ် ဇူလိုင်လအစောပိုင်းတွင် တူရကီနိုင်ငံသို့ သွားရောက်ခွင့်ပြုခဲ့သည်။

ထိုင်းအစိုးရသည် တရုတ်သံရုံးမှ တာဝန်ရှိသူများအား ခိုလှုံခွင့်တောင်းခံသူများထံ သွားရောက် စစ်ဆေးခွင့်ပြုခဲ့ပြီး ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)နှင့် အစိုးရအများအပြား၏ တောင်းဆိုချက်ကို ငြင်းဆန်ကာ ထိုင်းနိုင်ငံမှ ဝီဂါအမျိုးသား ၁၀၉ ဦးထက်မနည်းကို လက်ထိပ်ခတ် ခေါင်းစွပ်စွပ်ပြီး ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့တွင် တရုတ်နိုင်ငံသို့ ပြန်ပို့ခဲ့သည်။ ထိုပြန်ပို့ခံရသူများတွင် အဇစ်အဗ္ဗဒူလာ၏ အစ်ကိုဖြစ်သူလည်း ပါဝင်သည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly