အမေရိကန်လေဆိပ်များမှသွားသည့် တရုတ်လေယာဉ်များ ရုရှားပိုင်နက်ကို မဖြတ်ရန် ဆီးနိတ်အမတ်များ တိုက်တွန်း 

By Reuters
01 March 2023
အမေရိကန်လေဆိပ်များမှသွားသည့် တရုတ်လေယာဉ်များ ရုရှားပိုင်နက်ကို မဖြတ်ရန် ဆီးနိတ်အမတ်များ တိုက်တွန်း 

အမေရိကန်လေဆိပ်များမှ သွားသည့် တရုတ်လေကြောင်းလိုင်းများနှင့် အမေရိကန်ပိုင်မဟုတ်သည့် အခြားလေကြောင်းလိုင်းများအနေဖြင့် ရုရှားနိုင်ငံအပေါ် ဖြတ်ပျံသန်းခြင်းကို တားမြစ်ရန် အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌနှင့် ရီပတ်ဘလစ်ကန်ထိပ်တန်းအမတ်တို့က  ဘိုင်ဒင်အစိုးရအား တိုက်တွန်းလိုက်သည်။

အထက်လွှတ်တော်မှ ဒီမိုကရက်တစ်အမတ် ရောဘတ်မန်နန်ဒက်စ် နှင့် ကော်မတီ၏ ထိပ်တန်းရီပတ်ဘလစ်ကန်အမတ် ဂျိမ်းရစ်ချ်တို့က ရုရှားပိုင်နက်ကို ဖြတ်သန်းသည့်  လေကြောင်းလိုင်းများ အမေရိကန်လေဆိပ်သို့ ဆိုက်ရောက်ခြင်း သို့မဟုတ် ထွက်ခွါခြင်း မရှိစေရန် ဘိုင်ဒင်အစိုးရအား စာရေးသားတိုက်တွန်းခဲ့ကြောင်း Reuters က ဖော်ပြသည်။ 

အမေရိကန်ပြည်သူများ၊ နိုင်ငံသားများနှင့် အမြဲနေထိုင်သူများအား  ရုရှားပိုင်နက်ကို ဖြတ်သွားသော လေကြောင်းလိုင်းများနှင့် ခရီးသွားခြင်းကို  အားမပေးရန်  အစိုးရကို တိုက်တွန်းသည်ဟု တိုက်တွန်းရေးသားထားသည်။ 

ယူကရိန်းကျူးကျော်စစ်စတင်မှုအပြီး အမေရိကန်က ၂၀၂၂ ခုနှစ် မတ်လတွင် ရုရှားလေကြောင်းများကို တားမြစ်ခဲ့ပြီးနောက် ရုရှားကလည်း ၎င်းတို့ပိုင်နက်ပေါ်မှ အမေရိကန်လေယာဉ်များ ပျံသန်းမှုကို  ပိတ်ပင်ခဲ့သည်။ 

"လက်ရှိအခြေအနေရဲ့ နောက်ဆက်တွဲရလဒ်တစ်ခုကတော့ ရုရှားနဲ့ စီးပွားရေးလုပ်လိုတဲ့ တခြားနိုင်ငံတွေက လေကြောင်းလိုင်းတွေနဲ့ ယှဉ်ရင်  အမေရိကန်လေကြောင်းလိုင်းတွေကို အထိနာစေပါတယ်” ဟု အထက်လွှတ်တော်အမတ်များက နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်၊ သယ်ယူပို့ဆောင်ရေးဝန်ကြီး ပက်တီဘက်တီဂျီနှင့် အိမ်ဖြူတော်၏ နိုင်ငံတော်လုံခြုံရေးအကြံပေး ဂျိတ် ဆူလီဗန်တို့ စာရေးသားကာ တိုက်တွန်းခဲ့သည်။

အဆိုပါ အကြောင်းအရာနှင့်ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဌာနက မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။

အမေရိကန်လေကြောင်းလိုင်းများသည် လက်ရှိတွင် တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမှတစ်ဆင့် ရှန်ဟိုင်းသို့ ပြေးဆွဲနေပြီး တရုတ်လေကြောင်းလိုင်းများသည် ရုရှားလေပိုင်နက်ကိုဖြတ်၍ အမေရိကန်သို့ တိုက်ရိုက်ပျံသန်းလျက်ရှိသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly