တရုတ်က စစ်အေးခေတ်မှ တိုက်လေယာဉ်များကို ထိုင်ဝမ်ထိုးစစ်အတွက် သုံးနိုင်မည့် အသေခံဒရုန်းများအဖြစ် ပြောင်းလဲရန် စီစဉ်နေ

By Daily Mail
01 March 2023
တရုတ်က စစ်အေးခေတ်မှ တိုက်လေယာဉ်များကို ထိုင်ဝမ်ထိုးစစ်အတွက် သုံးနိုင်မည့် အသေခံဒရုန်းများအဖြစ် ပြောင်းလဲရန် စီစဉ်နေ

တရုတ်သည် ရာနှင့်ချီသော စစ်အေးခေတ်သုံး တိုက်လေယာဉ်ဟောင်းများကို ထိုင်ဝမ်အား အကြီးအကျယ် ထိုးစစ်ဆင်ရာတွင် သုံးနိုင်သော အသေခံဒရုန်းများအဖြစ် ပြောင်းလဲရန် စီစဉ်နေသည်။

တရုတ်၏ နောက်ဆုံးထုတ် Chengdu J-7 တိုက်လေယာဉ်များကို ယခုနှစ်တွင် အသုံးပြုမှု ရပ်ဆိုင်းနိုင်ပြီး အချို့မှာ ဒရုန်းများဖြစ်လာနိုင်ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။

အဆိုပါလက်နက်များသည် ကုန်ကျစရိတ်သက်သာပြီး စွမ်းဆောင်ရည်မြင့်မားမည်ဟု ကျွမ်းကျင်သူများက ယူဆထားကြောင်း Business Insider က ဖော်ပြခဲ့သည်။ ဒရုန်းများသည် မူလလေယာဉ်များနှင့် ဆင်တူသည့် လက္ခဏာများ ပါရှိမည်ဖြစ်ပြီး မတော်တဆမှုများကို လျှော့ချနိုင်မည်ဖြစ်သည်။

ထိုင်ဝမ်ကို တိုက်ခိုက်ရန် သို့မဟုတ် ထိုင်ဝမ် လေကြောင်းရန်ကာကွယ်ရေးစနစ်များကို အားနည်းအောင် ပြုလုပ်ရန် ဈေးသက်သာပြီး စွမ်းဆောင်ရည်ကောင်းကာ အန္တရာယ်နည်းစေသော လေယာဉ်ကိုယ်ထည်များရှိသည့်  မောင်းသူမဲ့တိုက်ခိုက်ရေးယာဉ်များ သို့မဟုတ် ဒရုန်းများကို တရုတ်က ဦးစားပေး အသုံးပြုလာနိုင်ကြောင်း Mitchell Institute မှ ဧည့်သုတေသီ ဒင်နီရယ်ရိုက်က ပြောကြားခဲ့သည်။

အဆိုပါလေယာဉ်များသည် ဂျက်လေယာဉ် ဘိုးအေကြီးများဟုခေါ်ဆိုသော ၁၉၆၀ ပြည့်နှစ်များအတွင်းက ဆိုဗီယက်တိုက်လေယာဉ် MiG-21 ပုံတူများဖြစ်သည်။ 

တရုတ်လေယာဉ်များတွင် လောင်စာဆီပမာဏ အကန့်အသတ်နှင့် သေနတ်တစ်လက်တည်းသာ တပ်ဆင်နိုင် သည့် ထုတ်လုပ်မှုပိုင်းဆိုင်ရာ အားနည်းချက်များရှိသော်လည်း ယင်းတို့ကို ၁၉၈၀ ပြည့်နှစ်များက အများအပြား ထုတ်လုပ်ခဲ့ပြီး ပါကစ္စတန်၊ အယ်လ်ဘေးနီးယား၊ အီဂျစ်၊ အီရတ်နှင့် အီရန်စသည့် နိုင်ငံများတွင် အသုံးပြုနေဆဲ ဖြစ်သည်။

အသုံးပြုမှုရပ်နားထားသည့် J-7 တိုက်လေယာဉ်များကို လေ့ကျင့်ရေးနှင့် စမ်းသပ်မှုအတွက် သီးသန့်ထားနိုင်သလို ဒရုန်းများအဖြစ် ပြောင်းလဲကာ ခေတ်သစ်စစ်ပွဲတွင် ကဏ္ဍသစ်များမှ ပါဝင်လာနိုင်ကြောင်း တရုတ်နိုင်ငံပိုင်သတင်းစာ Global Times က ဖော်ပြခဲ့သည်။

ထို့ပြင် ၂၀၂၁ ခုနှစ်ကလထိုင်ဝမ်အနီး စစ်ရေးလေ့ကျင့်မှုတွင် ပိုမိုခေတ်မီသော J-6 လေယာဉ်များဘေးတွင် J-7 လေယာဉ်ဟောင်းများကို တွေ့မြင်ခဲ့သဖြင့် ယင်းတို့အား ဒရုန်းများအဖြစ်အသုံးပြုနေကြောင်း ထင်ကြေးပေးခဲ့ကြသည်။

တရုတ်တွင် ကမ္ဘာ့တတိယအကြီးဆုံး လေကြောင်းတပ်ဖွဲ့ရှိပြီး J-7 အစင်းရေ ၄၀ဝ နီးပါး အသုံးပြုရန် ကျန်နေ သေးကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ဖော်ပြခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly