ရုရှားက တရုတ်သို့ ရေနံ တင်ပို့မှု စံချိန်တင် မြင့်တက်

By Express
01 March 2023
ရုရှားက တရုတ်သို့ ရေနံ တင်ပို့မှု စံချိန်တင် မြင့်တက်

ယူကရိန်းကျူးကျော်မှုစတင်ပြီးနောက်ပိုင်း ရုရှားရေနံစိမ်းနှင့် လောင်စာဆီများ တရုတ်သို့တင်ပို့မှု စံချိန်တင်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဧပြီလ၏ စံချိန်တင်ပမာဏကို ကျော်လွန်သွားခဲ့ကြောင်း အချက်အလက်စုံစမ်းထောက်လှမ်းရေးကုမ္ပဏီ Kpler က ဖော်ပြခဲ့သည်။

ဥရောပသမဂ္ဂသည် ရုရှစွမ်းအင်အပေါ် မှီခိုအားထားနေရမှုကို လျှော့ချရန် ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအဖြစ်  ရုရှားမှ ရေနံတင်သွင်းမှုကို ပိတ်ပင်လိုက်ပြီးနောက် ရုရှားက တရုတ်သို့ စံချိန်တင်ပမာဏ တင်ပို့လာခြင်းဖြစ်သည်။
ဂျီ-၇ ၊ ဥရောပသမဂ္ဂနှင့် သြစတြေးလျတို့က ရုရှားရေနံစိမ်းကို တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၆၀ (ပေါင် ၄၉ ဒသမ ၅၀) ဖြင့် ဈေးနှုန်းသတ်မှတ်ထားသည်။

တရားနည်းလမ်းမကျသည့်ယူကရိန်းစစ်ပွဲအတွက် ရန်ပုံငွေအဖြစ် အသုံးပြုနေသည့် ဝင်ငွေများကို ထိန်းချုပ်ရင်း ဖြစ်ရိုးဖြစ်စဉ်မဟုတ်သည့် ဈေးကွက်အခြေအနေများကြောင့် ဖြစ်ပေါ်လာသော ဈေးနှုန်းအတက်အကျများကို ထိန်းချုပ်ရန် ထိုသို့ ဈေးနှုန်းသတ်မှတ်ခဲ့ခြင်းဖြစ်သည်။ 

သို့သော် တရုတ်သို့ ရုရှား၏ ရေနံစိမ်းနှင့် စုစုပေါင်း လောင်စာဆီ တင်ပို့မှုသည် ဇန်နဝါရီလတွင် တစ်ရက်လျှင် စည်ပေါင်း ၁ ဒသမ ၆၆ သန်းအထိ ရှိလာခဲ့ကြောင်း Kpler ၏ ဖေဖော်ဝါရီ ၂၀ တွင်ထုတ်ပြန်သည့် အချက်အလက်များတွင် ဖော်ပြထားသည်။

အိန္ဒိယ၏  ရုရှားရေနံမှာယူမှုလည်း မြင့်တက်ခဲ့ပြီး ဇန်နဝါရီတွင် စံချိန်တင် မြင့်တက်ခဲ့သည်။ ရုရှားမှ တင်ပို့မှု သည် ဇန်နဝါရီလတွင်  အိန္ဒိယ၏ စုစုပေါင်း ရေနံတင်သွင်းမှု၏ ၂၇ ရာခိုင်နှုန်းခန့်ရှိလာပြီး တစ်နေ့လျှင် စည်ပေါင်း ၁ ဒသမ ၄ သန်းဖြင့် သမိုင်းဝင် အမြင့်ဆုံးပမာဏသို့ ရောက်ရှိခဲ့ပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာလထက် ၉ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။

တရုတ်နှင့် အိန္ဒိယသည် လျှော့ဈေးဖြင့်ရသည့် ရုရှားစွမ်းအင်များမှ အကျိုးအမြတ် ရရှိနေပုံပေါ်ပြီး ဥရောပ၏ ပိတ်ဆို့အရေးယူမှုများကို တိမ်းရှောင်ကာ အာရှနိုင်ငံများသို့ လမ်းကြောင်းပြောင်း တင်ပို့နိုင်ရန် ရုရှားကို ကူညီပေးလျက်ရှိသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly