တရုတ်က ထိုင်ဝမ်အား ကျူးကျော်ရန် မိမိ၏ စွမ်းဆောင်ရည်ကို သံယဝင်နေ

By ANI 
01 March 2023
တရုတ်က ထိုင်ဝမ်အား ကျူးကျော်ရန် မိမိ၏ စွမ်းဆောင်ရည်ကို သံယဝင်နေ

ရုရှား၏ ယူကရိန်းစစ်ပွဲအတွေ့အကြုံအရ တရုတ်သည် ထိုင်ဝမ်အား အောင်မြင်စွာကျူးကျော်နိုင်ရန် မိမိ၏ စွမ်းရည်အပေါ် သံသယဝင်နေပုံရကြောင်း အမေရိကန် ထောက်လှမ်းရေး အကြီးအကဲ ဝီလျံဘန်းစ်က ပြောကြားခဲ့သည်ဟု DW သတင်းတွင် ဖော်ပြထားသည်။ 

သို့သော် ထိုင်ဝမ်အား ခြိမ်းခြောက်မှုရန်မှာ တရုတ်အတွက် အရေးကြီးနေသေးကြောင်း ၎င်းက ပြောကြားခဲ့သည်။ အင်အားသုံးမည့်အလားအလာသည် ယခု ဆယ်စုနှစ်အကုန်နှင့် နောက်ပိုင်းကာလများတွင် မြင့်တက်လာဖွယ်ရှိကြောင်း အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ (CIA) အကြီးအကဲက ပြောကြားခဲ့သည်။ 

မလွှဲမရှောင်သာ စစ်တိုက်ရမည်ဆိုလျှင်ပင် ထိုင်ဝမ်ကို အပြည့်အဝထိန်းချုပ်လိုသည့် တရုတ်သမ္မတ ရှီကျင့်ဖျင့်၏ သဘောထားကို အမေရိကန်အနေဖြင့် အထူးသတိထားဂရုစိုက်ရန်လိုကြောင်း ဘန်းစ်က ရုပ်သံအင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

 
"ထိုင်ဝမ်ကို ကျူးကျော်ရေးအတွက် ၂၀၂၇ ခုနှစ်မတိုင်မီ အသင့်ပြင်ထားဖို့ တရုတ်စစ်တပ်ကို သမ္မတရှီက ညွှန်ကြားထားပေမယ့် ၂၀၂၇ ခုနှစ်၊ ဒါမှမဟုတ် တစ်ချိန်ချိန်မှာ ကျူးကျော်ဖို့ ဆုံးဖြတ်ထားတယ်လို့ ယူဆလို့ မရပါဘူး" ဟု ဘန်းစ်က ပြောကြားခဲ့သည်။

“သမ္မတရှီနဲ့ သူ့ရဲ့ စစ်ဘက်ခေါင်းဆောင်တွေဟာ ဒီအချိန်မှာ ကျူးကျော်မှုကို အောင်မြင်အောင် ဆောင်ရွက်နိုင်ပါ့မလားဆိုတာ သံသယရှိနေတယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ၎င်းက ဆိုသည်။ 
ယူကရိန်းကို ကျူးကျော်ဝင်ရောက်စဉ် ရုရှားသမ္မတ ဗလာဒီမာပူတင်ကြုံခဲ့ရသည့် အခြေအနေအများက  တရုတ်ကို သတိပေးသလိုဖြစ်ခဲ့ကြောင်း ဘန်းစ်က ပြောကြားခဲ့သည်ဟု DW သတင်းတွင် ဖော်ပြခဲ့သည်။

ယူကရိန်းကျူးကျော်စစ်အပေါ် တရုတ်၏ တုံ့ပြန်မှုကို အမေရိကန်နှင့် ၎င်း၏မဟာမိတ်များက သတိထားစောင့်ကြည့်လျက်ရှိပြီး ရုရှားက စစ်နိုင်ခဲ့လျှင် ထိုင်ဝမ်အပေါ် ကျူးကျော်မည့် တရုတ်၏အစီအစဉ်များ အားကောင်းလာစေနိုင်ကြောင်း တာဝန်ရှိသူအချို့က သတိပေးထားသည်။

တရုတ်နိုင်ငံသည် ထိုင်ဝမ်အား ထိန်းချုပ်ရန် အင်အားအသုံးပြုမည့် နည်းလမ်းကို မည်သည့်အခါမှ စွန့်လွှတ်ခြင်း မရှိပေ။ ယူကရိန်းတွင် ဆင်နွှဲနေသော ရုရှားစစ်ပွဲကို တရုတ်က ရှုတ်ချခြင်းမရှိသလို ၎င်းကို ကျူးကျော်စစ် အဖြစ် သုံးနှုန်းခေါ်ဆိုခြင်း မရှိခဲ့ပေ။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly