တရုတ်လျှို့ဝှက်ရဲစခန်းများကိစ္စအဖြေရှာရန် အက်ဖ်ဘီအိုင်ကို အမေရိကန်အောက်လွှတ်တော်အထူးကော်မတီ တိုက်တွန်း

By Reuters
01 March 2023
တရုတ်လျှို့ဝှက်ရဲစခန်းများကိစ္စအဖြေရှာရန် အက်ဖ်ဘီအိုင်ကို အမေရိကန်အောက်လွှတ်တော်အထူးကော်မတီ တိုက်တွန်း

အမေရိကန်မြေပေါ်ရှိ တရုတ်အစိုးရထိန်းချုပ်ထားသော လျှို့ဝှက်ရဲစခန်းများနှင့် ပတ်သက်၍ အဖြေရှာရန် ဗဟိုထောက်လှမ်းရေးအဖွဲ့ (အက်ဖ်ဘီအိုင်) ညွှန်ကြားရေးမှူး ခရစ်တိုဖာရေးထံသို့ အမေရိကန် အောက်လွှတ်တော်အထူးကော်မတီသစ် ဥက္ကဋ္ဌက ဖေဖော်ဝါရီလ ၂၄ ရက်တွင် စာရေးသားပေးပို့ တောင်းဆိုလိုက်သည်။ 

တရုတ်က သြဇာလွှမ်းမိုးမှုစစ်ဆင်ရေးများလုပ်ဆောင်ရန် အမေရိကန်မြို့ကြီးများတွင် တရားမဝင်သော လျှို့ဝှက်ရဲစခန်းများထူထောင်ခြင်းနှင့် ပတ်သက်၍ အလွန်စိုးရိမ်မိကြောင်း ခရစ္စတိုဖာရေးက  ကွန်ဂရက်လွှတ်တော်သို့ နိုဝင်ဘာလတွင် ပြောကြားခဲ့ပြီး စုံစမ်းစစ်ဆေးရေး လုပ်ငန်းစဉ်အသေးစိတ်ကိုမူ မထုတ်ပြန်ခဲ့ပေ။

"ဒီရဲစခန်းတွေနဲ့ တခြားအကျပ်ကိုင်တဲ့ နည်းလမ်းတွေကနေတစ်ဆင့် ကွန်မြူနစ်ပါတီ (CCP) က အမေရိကန် နိုင်ငံသားတွေ၊ နေထိုင်သူတွေနဲ့ ဧည့်သည်တွေရဲ့ အခွင့်အရေးတွေကို ချိုးဖောက်နေပါတယ်" ဟု ကော်မတီဥက္ကဋ္ဌ ရီပတ်ဘလစ်ကန်အမတ် မိုက်ခ်ဂယ်လ်လာဂါက စာထဲတွင် ရေးသားခဲ့သည်။ 

အက်ဖ်ဘီအိုင်အနေဖြင့် ယင်းကိစ္စအား စုံစမ်းစစ်ဆေးမှုပြုလုပ်ရာတွင် နောက်ကျနေမည်ကို စိုးရိမ်ကြောင်း ဂယ်လ်လာဂါက ပြောကြားခဲ့ပြီး ယင်းပြဿနာကို သိရှိခဲ့သည့် အချိန်နှင့် အမေရိကန်တွင် အဆိုပါရဲစခန်းများ ပျံ့နှံ့နေသည့်အတိုင်းအတာကို ထုတ်ဖော်ပြောကြားရန် ခရစ္စတိုဖာရေးအား တောင်းဆိုခဲ့သည်။ 

အမေရိကန်တွင် ရဲစခန်းများ ဖွင့်လှစ်ထားသည်ဟူသော စွပ်စွဲမှုများကို တရုတ်က ငြင်းဆိုထားပြီး အချို့နေရာများတွင် စေတနာ့ဝန်ထမ်းအနေဖြင့် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။
ယင်းရဲစခန်းများကြောင့် အဓိက ဒုက္ခရောက်သူများမှာ တရုတ်နိုင်ငံသားများဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

တရုတ်ကွန်မြူနစ်ပါတီ၏ ခြိမ်းခြောက်မှုဟု ခေါင်းစဉ်တပ်ထားသည့် ပထမဆုံးကြားနာမှုကို ဖေဖော်ဝါရီ ၂၈ ရက် ည ၇ နာရီတွင် ကျင်းပမည်ဖြစ်ကြောင်း အောက်လွှတ်တော်အထူးကော်မတီက ကြေညာထားသည်။

ကော်မတီ၏ ဦးစားပေး လုပ်ငန်းများထဲမှတစ်ခုမှာ တရုတ်အစိုးရ၏ နိုင်ငံဖြတ်ကျော် ဖိနှိပ်ခြိမ်းခြောက်မှုကို အဓိကထားဆွေးနွေးရန်ဖြစ်ကြောင်း ကွန်ဂရက်အဖွဲ့ဝင်များက ပြောသည်။

ယင်းဖိနှိပ်မှုနည်းပရိယာယ်များတွင် တရုတ်မူဝါဒများကို အတိုက်အခံပြုလုပ်သော အမေရိကန်ရှိ ၎င်းတို့နိုင်ငံသားများကို နှောင့်ယှက်ခြင်း၊ ချောင်းမြောင်းခြင်း၊ စောင့်ကြည့်ခြင်းနှင့် ခြိမ်းခြောက်အကျပ်ကိုင်ခြင်းများ ပါဝင်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly